နေပြည်တော်  ၅  ဒီဇင်ဘာ

ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ Virtual Meeting စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဉီးလှကျော်က ပြောင်းလဲသက်ရောက်လာလျက်ရှိသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှု လျော့နည်းလာခြင်းနှင့်အတူ စိုက်ပျိုးရေပေးဝေလျက်ရှိသည့် ဆည်တမံကြီးများအတွင်း ဝင်ရေ သိသာစွာ ကျဆင်းခဲ့သဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် ရေလိုအပ်ချက်များသော နွေစပါးနေရာတွင် ဒေသနှင့်ကိုက်ညီပြီး ရေလိုအပ်ချက်နည်းသည့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းမည့်သီးနှံများ အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားရန်နှင့် ရေရှည်အတွက် သီးနှံပုံစံများ ဒေသရေမြေနှင့် လျော်ညီစွာ ချမှတ်ဆောင်ရွက် ကြရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးစီးပွားလျော့ကျမသွားစေရန် သက်ဆိုင်ရာဌာနများ၊ တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ဆည်ရေလှောင်တမံကြီးများ၏ နှစ်အလိုက် ဝင်ရေ၊ သိုလှောင်ရေနှင့် စိုက်ပျိုးရေပေးဝေနိုင်ခဲ့မှု၊ ရေသောက်စနစ်များ စီမံခန့်ခွဲထားရှိမှု၊ ရေတံခါးနှင့် ရေတင်လုပ်ငန်းများ၏ အကျိုးပြုစိုက်ပျိုးဧရိယာများ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံအတွက် ဒေသအလိုက် စိုက်ပျိုးရေပေးဝေရန် လျာထားချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆည်ရေသောက်ဒေသများတွင် ဆည်ရေလက်ကျန်တည်ရှိမှု အပေါ်မူတည်၍ ပြောင်းလဲ စိုက်ပျိုးမည့် သီးနှံပုံစံများ၊ သီးနှံများ၏ လက်ရှိစျေးကွက် အခြေအနေနှင့် နွေရာသီ၌ထွက်ရှိလာမည့် သီးနှံများ၏ ပေါက်စျေး အခြေအနေခန့်မှန်းချက်များ၊ သီးနှံစျေးကွက် အခွင့်အလမ်းများကိုလည်းကောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ရေသောက်စနစ်နှင့် စိုက်ပျိုးသီးနှံ ပုံစံများအရ စိုက်ပျိုးထုတ်လုပ်မှုစာရင်းဇယားများ မှန်ကန်ရေး စီမံဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ထို့နောက်  ဆည်ရေသောက်ဧရိယာ အများအပြားတည်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူးများ က ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအမံများ၊ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေး၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားနပ်ရိက္ခာများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုဘဝမြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးရာ၌ မြို့ရေပေးရေးစနစ်တွင် အသုံးပြုလျက်ရှိသည့် ဆည်ရေလှောင်တမံများ၏ စိုက်ပျိုးရေအသုံးပြုခြင်းအတွက် သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များ၏ သဘောထား မှတ်ချက်ရယူဆောင်ရွက်ရန်၊ ဆည်ရေသောက်ဧရိယာများအတွင်း ရေအလေအလွင့်မရှိစေရေး၊ ဖြစ်နိုင်မည့်ရေအရင်း အမြစ်များ ဖော်ထုတ်သုံးစွဲရေး စသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသအသီးသီးရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစီအမံများချမှတ်ဆောင်ရွက်ရန်၊ နည်းပညာသစ်များဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မျိုးသစ်များ၊ သက်တမ်းတိုမျိုးများ အသုံးပြုနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ စီးပွားရေးတွက်ခြေ ကိုက်မည့် သီးနှံများပြောင်းလဲစိုက်ပျိုးရေး၊ လိုအပ်သောမျိုးနှင့် သွင်းအားစုများရရှိရေးအတွက် ဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ချိတ်ဆက်ဆောင်ရွက်ရန်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရေတိုရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေး၊ တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရှာဖွေ ချိတ်ဆက်ပေးရေးတို့ အတွက် ဆက်စပ်ပတ်သက်နေသော ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအားလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြုံတွေ့ရမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ်ကျရောက်မှု များကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခံစားနေကြရလျက်ရှိရာ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မြန်မာ့လယ်ယာကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ထိခိုက် ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန်နှင့် လယ်ယာ ကဏ္ဍ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့အတွက် မူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေသော နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်