နေပြည်တော် ၅ ဒီဇင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဟားခါး)မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေ ကျပ် ၂၅၉ ဒသမ ၁၆၀ သန်းဖြင့် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်နှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်သို့ ဆက်သွယ်သွားလာနိုင်သည့် လမ်းဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ယင်းလမ်းပိုင်းဖြစ်သည့် အောက်ကန့်-လောက်မော- ရှင်စောရွာချင်းဆက်လမ်း ၁၅ မိုင်အနက် ၅ မိုင်မှာ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်တွင် (၅¬¬¬¬¬¬¬x၅x၂၆)ပေ Box Culvert (၁၀)စင်း တည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပါ မြေသားလမ်း ၁၅ မိုင်အား ဖောက်လုပ်ပြီးစီးပါက ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာဒေသများသို့ ပိုမိုလွယ်ကူစွာကူးလူးသွားလာနိုင်ပြီး ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာခြင်းကြောင့် ကျေးရွာအုပ်စု ၁၂ စု၊ ကျေးရွာ ၂၇ ရွာ၊ အိမ်ခြေ ၁၈၆၄၊ လူဦးရေ ၉၈၆၀ ခန့်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ၎င်းကျေးရွာဒေသများရှိ တောင်ယာစိုက်ပျိုး သည့် တောင်သူများအနေဖြင့်လည်း မိမိတို့၏ ဒေသထွက်ကုန်များအား ဈေးကွက်သို့အချိန်တိုအတွင်း အလွယ်တကူ တင်ပို့ရောင်းချနိုင်ခြင်းကြောင့် ဝင်ငွေမြှင့်မားလာပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အပြင် ယခင်မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၇၀၆ ဒဿမ ၇ သန်းဖြင့် ကန်ပက်လက်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ဟားခါး)မှ သိရသည်။
ဇော်ရှိန်း(ဓာတု)


