နေပြည်တော်၊  ၅  ဒီဇင်ဘာ

မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်းမှ  The Impact of COVID-19 on Myanmar Hotel Industry & Better Future ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူ များက နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွဋ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဦးသက်လွင်တိုး တို့က Panelist များအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယနေ့ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သည့် The Impact of COVID-19 on Myanmar Hotel Industry & Better Future သည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနှင့် ထိုအခြေအနေ ကို မည်သို့ကျော်လွှားမည်ကို ရည်ရွယ်ထားသည့်အတွက် အလွန်အချိန်သင့်အခါသင့်ဖြစ်သည်ဟု ယူဆပါကြောင်း၊ လက်ရှိအစိုးရ စတင်တာ၀န်ယူပြီးသည့်နောက် ၂၀၁၆ ခုနှစ်တွင် ပုံမှန်ဟိုတယ်ဗဟိုပြု ခရီးသွားလုပ်ငန်းသာမက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးများကို စတင်လုပ်ဆောင်ခဲ့ပါကြောင်း။ 

၂၀၁၇ ခုနှစ်တွင် primary destination များဖြစ်သည့် ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ ငပလီများသာမက secondary destination များဖွံဖြိုးရေးကို စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဗဟိုအစိုးရကချုပ်ကိုင်ထားသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင်နှင့် ကြီးကြပ်မှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေ- ၂၀၁၈ ကို ပြဌာန်းခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အနောက်ဥရောပ ၁၀ နိုင်ငံနှင့် အာရှ (၅) နိုင်ငံကို ဗီဇာဖြေလျှော့မှုများ ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွား(၂) သန်းကျော် ၀င်ရောက်ခဲ့ရာ ၂၀၁၉ခုနှစ်တွင် ခရီးသွား (၄)သန်းကျော် တိုးတက်၀င်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ခရီးသွား (၅) သန်းနှင့် ၂၀၂၁ ခုနှစ်တွင်  ခရီးသွား (၆)သန်းအထိ ၀င်ရောက်ရန် မျှော်မှန်းဆောင်ရွက်နေပြီး ၂၀၂၀ နှစ်ဦးတွင် တစ်လ ခရီးသွား ၄ သိန်းကျော် ၀င်ရောက်နေသဖြင့် မျှော်မှန်းထားသည့်အတိုင်း ပြည့်မီနိုင်မည့်လမ်းကြောင်းပေါ် ရောက်ရှိနေသည့်အချိန်တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါကြောင်း။

နိုင်ငံတော်မှထုတ်ပြန်ထားသည့် COVID-19 Economic Relief Plan (CERP) ၏ နောက်ဆက်တွဲအဖြစ် COVID-19 Tourism Relief Plan ကို ရေးဆွဲအတည်ပြုချက်ရယူပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းသိမ်းကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိ COVID-19 Tourism Relief Plan သည် ၂၀၂၀ နှစ်အထိသာဖြစ်ရာ ၂၀၂၀ အလွန်နှစ်များအတွက် နိုင်ငံတော်က ရေးဆွဲနေသည့် Myanmar Economic Recovery & Reform Plan MERRP နှင့် အညီ Myanmar Tourism Strategic Rescue Roadmap (2021-2025) MTSRR ကို ရေးဆွဲပြီး ဖြစ်ပါကြောင်း၊ MTSRR ၏အဓိက ရည်မှန်းချက်မှာ ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်၀င်လာအောင် လုပ်ဆောင်ပြီး ၂၀၂၃-၂၀၂၄ မှာ မူလအခြေအနေကို ပြန်လည်ရောက်ရှိစေရန် ဖြစ်ပါကြောင်း။

ထို့အပြင် Enchanting Myanmar Health & Safety Protocols ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းရေးဆွဲထားပြီး ထို protocol နှင့်အညီ လိုက်နာဆောင်ရွက်ထားသည့် ခရီးသွားလုပ်ငန်းများကို Safe Tourism Myanmar Stamp များ အသုံးပြုခွင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျေးလက်ခရီးစဉ် ဒေသများကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၂၀ ဆောင်ပုဒ်ဖြစ်သည့် rural development with tourism နှင့်အညီ ဖွံဖြိုးတိုးတက်လာအောင် ဖော်ဆောင်နိုင်ရန် ဆက်စပ်၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ Heritage & Cultural Tourism၊ Eco & Nature Based  Tourism၊ Agricultural & Farming Tourism၊ Inland Water & Rail Tourism၊ Adventure &  Sports Tourism, Gastronomy Tourism၊ Caravan & Maritime  Tourism နှင့် Urban & MICE Tourism များ ဖွံ့ဖြိုးတိုးတက်အောင် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းအပေါ် ပြည်တွင်းခရီးသွားများ၊ ပြည်ပခရီးသွားများ ယုံကြည်မှုပြန်လည်ရရှိလာစေရန် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ဝန်ကြီးဌာနနှင့်အတူ ဝိုင်း၀န်းလိုက်ပါ လုပ်ဆောင်ပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ခရီးသွားလုပ်ငန်း Recovery Plan ရေးဆွဲဆောင်ရွက်နေမှုများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ Impact Survey ကောက်ယူမည့် အခြေအနေများ၊ COVID-19 Economic Relief Plan (CERP) ၏ နောက်ဆက်တွဲအဖြစ် COVID-19 Tourism Relief Plan ရေးဆွဲဆောင်ရွက်နေမှုနှင့် Myanmar Tourism Strategic Rescue Roadmap (2021-2025) (MTSRR) ရေးဆွဲဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။ 

ထို့နောက် ဆွေးနွေးပွဲသို့ Online မှတက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို Panelist များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်