စစ်တွေ ၅ ဒီဇင်ဘာ
သစ်တောဦးစီးဌာန ဦးဆောင်မှုဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) နှင့် ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (RBANCA) တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ခြောက်ခုမြောက် “ရမ်ဆာ” နိုင်ငံတကာအရေးကြီး ရေဝပ်ဒေသဖြစ်သော ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းနှင့် မေယုမြစ်ဝအား သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခံရရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှသိရသည်။
နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် ငါး၊ ပုစွန်၊ ခရု၊ ဂဏန်း စသည့်တို့ ပေါကြွယ်ဝသော ရွှံ့နွံတော/ လတာပြင်များ ရှိသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲ စုံလင်ပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်း ငှက်မျိုးစိတ်၏ ကမ္ဘာ့ကောင်ရေ ငါးရာခိုင်နှုန်းခန့် နှစ်စဉ်လာရောက် ဆောင်းခိုလေ့ရှိသည့်အပြင် အခြားရှားပါး ငှက်မျိုးစိတ်များလည်း လာရောက်ဆောင်းခိုသည့် နေရာဖြစ်ကြောင်း၊ ကမ္ဘာ့ရှားပါး ပင်လယ်လိပ်မျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်စောင်းလျားနှင့် လိပ်လှောင်းတို့ တက်ရောက်ဥ ဥ ကျက်စားခြင်းနှင့် တစ်ခါတစ်ရံ ဧရာဝတီလင်းပိုင်၊ ရေဝက် တို့ကိုပါ တွေ့ရှိရတတ်သည်။ ထို့အပြင် ကြိုးကြာခေါင်းနီငှက်များ သားပေါက်ရာ ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
“ဒီနံ့သာကျွန်းနဲ့ မေယုမြစ်ဝ ရေဝပ်ဒေသက အရှေ့အာရှ - သြစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (EAAFP) တစ်ခုမှာ ပါဝင်ကျရောက်တာကြောင့် ထိန်းသိမ်းကာကွယ်မှုကို စနစ်တကျ ဆောင်ရွက်နိုင်အောင် သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ပေးနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုထိန်းသိမ်းရေး ဆိုင်းဘုတ်ထောင်တာတို့၊ ပုံမှန်ငှက်လေ့လာတာ၊ ကင်းလှည့်တာနဲ့ ဒေသခံများရဲ့ လူမှုစီးပွားနဲ့ အသက်မွေးဝမ်းကြောင်း လေ့လာခြင်းတို့ကို ဆောင်ရွက်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလ ဖြစ်နေတော့ လုပ်ငန်းစဉ်များ သတ်မှတ်ချိန် လေးနှစ်ကျော်ကာလအတွင်း ပြီးစီးအောင်လုပ်ဖို့ အခက်အခဲတော့ ရှိနေပါတယ်” ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှအမှုဆောင် ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင် ကပြောသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သည် နံ့သာကျွန်းနှင့် မေယုမြစ်ဝ၌ ရေညှောင့်နှုတ်ဝိုင်းငှက် လေ့လာခြင်းကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ကြောင်း၊ ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်ဆောင်ရွက်နိုင်ရန် ရခိုင်ဇီဝ မျိုးစုံမျိုးကွဲအသင်းနှင့် သဘာဝထိန်းသိမ်းရေးအသင်း (RBANCA) ကို ဖွဲ့စည်းကာ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဒေသသည် ထူးခြားသည့် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုတို့ကြောင့် သစ်တောဦးစီးဌာနမှ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် အဆိုပြု အဏ္ဏဝါအမျိုးသားဥယျာဉ်တစ်ခု အဖြစ်လည်းကောင်း၊ ကမ္ဘာ့အဆင့် အရေးပါသည့် ငှက်မျိုးစိတ်များ ကြွယ်ဝမှုနှင့် အခြားထူးခြားသည့်ရေဝပ်ဒေသ အင်္ဂါရပ်များ ရှိခြင်းတို့ကြောင့် ၂၀၂၀ ခုနှစ် မေ ၂၂ ရက် တွင် နိုင်ငံတကာ အရေးကြီးရေဝပ်ဒေသ “ရမ်ဆာ” အဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
အဆိုပါဒေသသည် ရခိုင်ပြည်နယ်၏ ပထမဦးဆုံး နိုင်ငံတကာအရေးကြီး ရေဝပ်ဒေသ “ရမ်ဆာ” ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ခြောက်ခုမြောက်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက်၊ ရသေ့တောင်မြို့နယ်၏ တောင်ဘက်၊ မေယုမြစ်နှင့် ကုလားတန်မြစ်ဝတွင် တည်ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှသိရသည်။
သတင်း-ပိန်းဇလုပ် သိန်းညွန့်၊
ဓာတ်ပုံ-BANCA


