နေပြည်တော် ၅ ဒီဇင်ဘာ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းများကို ဆင့်ပွား သင်တန်းပေးခြင်းနှင့် အားပေးစကားပြောကြားခြင်း အစီစဉ်ကို ယနေ့နံနက်ပိုင်းတွင် Online စနစ်ဖြင့် ကျင်းပသည်။
အစီအစဉ်တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် စေတနာ့၀န်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး မွန်မြတ်ပါကြောင်း၊ စေတနာ့၀န်ထမ်းများသည် သည်းခံစိတ်၊ ကိုယ်ချင်းစာစိတ်၊ မေတ္တာတရား၊ ကိုယ်ကျိုးစွန့်၍ အန္တရာယ်ကိုရင်ဆိုင်နိုင်သော စာဂတရား၊ အခက်အခဲ စိန်ခေါ်မှုများကြုံတွေ့တိုင်း ဇွဲသတ္တိဖြင့် နောက်မဆုတ်သော ဝီရိယတရားတို့ဖြင့် ပြည့်စုံသူများဖြစ်ကြပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် ကူးစက်မြန်သော ရောဂါဖြစ်သဖြင့် စေတနာ့၀န်ထမ်းများအနေဖြင့် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ၀န်ဆောင်မှုများပေးရာတွင် အသက်အရွယ်အခြေအနေနှင့် ကဏ္ဍအလိုက် အသိပညာ၊ လုပ်ငန်းဆိုင်ရာနှင့် တာ၀န်အလိုက် ပြောဆိုဆက်သွယ်မှုဆိုင်ရာ ကျွမ်းကျင်မှု၊ စိတ်ချလုံခြုံရမှု၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးပေးနိုင်မှု စသည်တို့ကို စနစ်တကျ ဆောင်ရွက်ပေးနိုင်ရန်လိုအပ်သည့်အပြင် မိမိကိုယ်ကိုယ်လည်း ရောဂါပိုး မကူးစက်အောင် စောင့်ရှောက်ကာကွယ်နိုင်ရမည် ဖြစ်သည့်အတွက် ဤသင်တန်းများကို အလေးထား ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များကို အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ကြရာတွင် မိမိဆန္ဒအလျောက် ပါ၀င်ပေးကြသည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်း၊ လက်တွေ့တာ၀န်ထမ်းဆောင်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများ၊ လိုအပ်ချက်များကို မှတ်သားလေ့လာထားပြီး ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ရေး ပြန်လည်ဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ အစီအစဉ်သို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဒေါက်တာကိုကိုနိုင် ၊လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆရာ၀န်အသင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့မှ သင်တန်းဆရာ၊ ဆရာမများ၊ အမျိုးသားအဆင့် စေတနာ့၀န်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးအဖွဲ၀င်များ၊ နေပြည်တော်ကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား စေတနာ့၀န်ထမ်းများတက် ရောက်ကြသည်။
အဆိုပါ စေတနာ့၀န်ထမ်းဆင့်ပွားသင်တန်းကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်


