နေပြည်တော် ၅ ဒီဇင်ဘာ
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change – UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၆)ကြိမ်မြောက် ညီလာခံ၊ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းရေးကောင်စီ (Energy Transition Council) အစည်းအဝေးကို ကွန်ဗင်းရှင်း၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် သည့် ဗြိတိန်နိုင်ငံမှဦးဆောင်၍ ဒီဇင်ဘာ ၄ ရက်နေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် အာဖရိကဒေသ၊ အာရှဒေသနှင့် စီးပွားရေး အသွင်ကူးပြောင်းဆဲနိုင်ငံများအဖွဲ့(၃)ဖွဲ့ခွဲပြီး တစ်ပြိုင်တည်း ကျင်းပသည်။
အာရှဒေသ သန့်ရှင်းသောလျှပ်စစ်စွမ်းအား (Asia Clean Power) ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် အာရှဒေသတွင်းနိုင်ငံများမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန်နှင့် သန့်ရှင်းသောစွမ်းအင်သုံးစွဲမှု လျင်မြန်စွာတိုးမြှင့်နိုင်ရေးအတွက် တွေ့ကြုံရမည့် အခက်အခဲများကို ကျော်လွှားနိုင်မည့် အစီအစဉ်များ၊ လိုအပ်မည့်အထောက်အပံ့များ၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာကွန်ဗင်းရှင်း၊ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းရေးကောင်စီမှ ပံ့ပိုးပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က လက်ရှိမြန်မာနိုင်ငံ၏ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်လိုအပ်ချက်များပြည့်မီရေးအတွက် နိုင်ငံ၏ မဟာဓာတ်အားလိုင်းကွန်ယက်စနစ် အဆင့်မြှင်တင်ခြင်း၊ တိုးချဲ့ခြင်းများအပါအဝင် အခြားသော အခြေခံ အဆောက်အဦများ လိုအပ်လျက်ရှိကြောင်း၊ ကျေးလက်ဒေသနေပြည်သူများ လျှပ်စစ်ရရှိရေးအတွက် စွမ်းအင်ကဏ္ဍ ဆိုင်ရာ အခြေခံအဆောက်အဦများ များစွာလိုအပ်နေကြောင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် သန့်ရှင်းသော စွမ်းအင်ထုတ်ယူရရှိရေး နိုင်ငံတကာမှ အထောက်အပံ့များလိုအပ် ကြောင်း၊ ယခင် ၂၀၁၄ ခုနှစ်က ရေးဆွဲခဲ့သော အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက်ပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စွမ်းအင်အချိုးအစားကို ပိုမိုသန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များ (ပြန်ပြည့်မြဲစွမ်းအင်နှင့် သန့်ရှင်းသောဓာတ်ငွေ့ စသည်ဖြင့်)၏ အချိုးအစားတိုးမြှင့်ပါဝင်ရေး ရည်မှန်း၍ ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင်လည်း မဟာဓာတ်အားလိုင်းစနစ်ဖြင့် ဖြန့်ဖြူးနေသလို အခြားတစ်ဖက်တွင်လည်း မဟာဓာတ်အားလိုင်းရောက်ရှိခြင်း မရှိသေးသည့်နေရာများ၌ ကျေးလက်မီးလင်းရေးအတွက် ရေအား၊ သဘာဝ ဓာတ်ငွေ့နှင့် ဒီဇယ်ဆီတို့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ကာ ဒေသတွင်း ဓာတ်အားဖြန့်ဖြူးရေး ကွန်ယက် စနစ်ဖြင့်လည်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သန့်ရှင်းသောစွမ်းအင် အသုံးပြုမှု တိုးမြှင့်နိုင်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဥပဒေရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိသလို အခြားတစ်ဖက်တွင်လည်း စွမ်းအင်သုံးစွဲမှု အလေအလွင့်မရှိစေရေး အတွက် စွမ်းအင်ခြွေတာရေးဆိုင်ရာ လမ်းညွှန်ချက်များ (Energy Conservation Guidelines) ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ပါရီသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံများမှ မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအလိုက် ကွန်ဗန်းရှင်းသို့တင်ပြရမည့် ရာသီဥတုပြောင်းလဲမှုလျော့ချ ရေးအတွက် ကာဗွန်ထုတ်လွှတ်မှုလျော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးမြှင့်သုံးစွဲမည့် အစီ အစဉ်(Nationally Determined Contributions) တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ နည်းပညာနှင့် ရန်ပုံငွေအကူအညီ ပံ့ပိုးမှုများရရှိပါက ၂၀၃၀ ပြည့်နှစ်တွင် ရေအား၊ နေရောင်ခြည်နှင့် လေစွမ်းအင်တို့မှရရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှု (၅၄)ရာခိုင်နှုန်း မြှင့်တင်ရန် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်တွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း (၂၉)ခုအား ပုဂ္ဂလိကကဏ္ဍသို့ ခွင့်ပြုပေးခဲ့ပြီး အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ပြီးစီးပါက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှုကဏ္ဍတွင် ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ် လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့တွင် အလေအလွင့်မဖြစ်စေရန် လိုအပ်သော စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းများအတွက် နည်းပညာနှင့် ရန်ပုံငွေအထောက်အပံ့များ ယခုထက် ပိုမိုရရှိရန် ကြိုးစားရှာဖွေလျက်ရှိကြောင်း၊ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းရေးကောင်စီ (Energy Transition Council) အနေဖြင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မူဘောင် အပါအဝင် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲပြဌာန်းထားသည့် အချက်များနှင့်အညီ အစိုးရ ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍများသို့ နည်းပညာ၊ လုပ်ငန်းရန်ပုံငွေနှင့် ရင်းနှီးမြှုပ်နှံမှုများရရှိစေရေး ကူညီဆောင်ရွက် ပေးစေလိုပါကြောင်း၊ လက်ရှိနိုင်ငံ၏ မဟာဓာတ်အားလိုင်းစနစ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထည့်သွင်း ဖြန့်ဖြူးနိုင်ရန်အတွက် လိုအပ်သည့် ဓာတ်အားစနစ်၊ ဓာတ်အားကွန်ယက် အဆင့်မြှင့်တင်မှုများ၊ ဘူမိအပူစွမ်းအင် အပါအဝင် စွမ်းအင်အသစ်များ စူးစမ်းလေ့လာမှုများ ဆောင်ရွက်ခြင်း၊ ကျေးလက်ဒေသနှင့် ဝေးလံခေါင်ဖျား ဒေသများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးနှင့်စပ်လျဉ်း၍ ကမ်းရိုးတန်းဒေသများအတွက် ပင်လယ်ဒီရေလှိုင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ တောင်ပေါ်ဒေသများအတွက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် ဒေသများအတွက် စပါးခွံဇီဝဒြပ်ထုလောင်စာမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း များအတွက် အထောက်အပံ့များ အဓိကလိုအပ်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းရေးကောင်စီ (Energy Transition Council) အစည်းအဝေးကို မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေရှ့်၊ ကမ္ဘောဒီးယား၊ လာအို၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများမှ ပတ်ဝန်းကျင်နှင့်စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးဘဏ်များနှင့် နည်းပညာ ဆိုင်ရာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


