ရန်ကုန် ၅ ဒီဇင်ဘာ
ရန်ကုန်မြို့ သိမ်ဖြူရိုးရာ လက်ဝှေ့အားကစားရုံ၌ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ထွန်းထွန်းမင်းနှင့် ပထမတန်းတက်သစ်စ မျိုးဆက်သစ်လူငယ် ရာမာန်တို့ ယှဉ်ပြိုင်ထိုးသတ်မည့် ပဉ္စမအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံပြိုင်ပွဲတွင် ပြည်တွင်း/ ပြည်ပမီဒီယာများ ဝင်ရောက်သတင်းယူခွင့် ပြုမည်မဟုတ်ဘဲ ပွဲစီစဉ်သူထံမှ သတင်းနှင့် လိုအပ်သော ရုပ်ပုံများ၊ ဗီဒီယိုဖိုင်များ ရယူနိုင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောကြားသည်။
“ ဒီ ထွန်းထွန်းမင်းနဲ့ ရာမာန် ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲမှာ ပြည်တွင်း၊ ပြည်ပ ဘယ်မီဒီယာကိုမှ သတင်းယူခွင့် ပေးမှာမဟုတ်ပါဘူး။ သတင်းဓာတ်ပုံ/ ဒါမှမဟုတ် လိုအပ်တဲ့ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်တာတွေ အားလုံးကို ကျွန်တော်တို့ထံမှာ ဆက်သွယ်ရယူနိုင်ပါတယ်” ဟု အဆိုပါ ပဉ္စမအကြိမ် မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံပြိုင်ပွဲ (MLWC-5) ကို စီစဉ်ကျင်းပသည့် ဦးဝဏ္ဏက သတင်းရယူနိုင်မှုနှင့်ပတ်သက်၍ ရှင်းပြသည်။
အဆိုပါပွဲတွင် အဓိက ပွဲစဉ်အဖြစ် ထွန်းထွန်းမင်း နှင့် ရာမာန်၊ အခြားပွဲစဉ်များတွင် စောအရိုင်းနှင့် ဓနအောင်၊ ဗျဂ္ဃနှင့် စောထိန်လင်း၊ စောရွှေလေးနှင့် အဖိုးသွေး၊ ကျားသွေးနှင့် သားဒိန်း၊ ကနောင်သွေးနှင့် ပိုင်သက်အောင် တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
“ ကျွန်တော့် အမြင်ပြောရရင်တော့ ဒီလိုရိုးရာလက်ဝှေ့ပွဲတွေကို ခုလိုအချိန်မှာ ဝါသနာရှင် ပြည်သူအများစုက ကြည့်ချင်ကြမှာပါပဲ။ တကယ် မြန်မာ့ရိုးရာလက်ဝှေ့ကို စေတနာအမှန်နဲ့ တိုးတက်စေချင်တယ်၊ ကမ္ဘာ့နိုင်ငံ အများစုကို ထိုးဖောက်စေချင်တယ်ဆိုရင်တော့ ဝါသနာရှင် ပြည်သူအများ ကြည့်ရှုနိုင်မယ့် Free to Air ရုပ်သံလိုင်း တစ်လိုင်းလိုင်းကပဲဖြစ်ဖြစ် လွှင့်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု ရိုးရာလက်ဝှေ့ ဝါသနာရှင် ပြည်သူတစ်ဦးက ယခုကျင်းပမည့် MLWC-5 ပွဲနှင့်ပတ်သက်၍ ပြောကြားသည်။
အဆိုပါ Myanmar Lethwei World Championship- 5 (MLWC-5) ပြိုင်ပွဲကို စကိုင်းနက် ရုပ်သံလိုင်းများမှ ထုတ်လွှင့်မည်ဖြစ်ပြီး အခြားမည်သည့်ရုပ်သံလိုင်းမှ ထုတ်လွှတ်ပြသသွားမည်မဟုတ်ကြောင်း သိရသည်။
မင်းခေတ်၊ ဓာတ်ပုံ- မင်းထက်