ကန်ပက်လက် ၆ ဒီဇင်ဘာ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဝိတိုရိယတောင်ပေါ်သို့ မော်တော်ကား၊ မော်တော်ဆိုင်ကယ် တက်ရောက်မှုများကို တားမြစ်ကန့်သတ်သွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြသည့် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) အစည်းအဝေးအရ သိရသည်။
သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့သော ဆိုင်ကယ်၊ ကား သွားလာမှုများကို တားဆီးကန့်သတ်ရခြင်း ဖြစ်ကြောင်း၊ အရေးပေါ်ယာဉ်များနှင့် လုပ်ငန်းဆေင်ရွက်ရန် လိုအပ်သည့် ယာဉ်များကိုသာ တောင်ပေါ်သို့ ယာဉ်ဖြင့် တက်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း၊ မော်တော်ကားများအား ၁၀ မိုင်စခန်း ဝန်းကျင်နှင့် မော်တော်ဆိုင်ကယ်များအား ၁၁ မိုင် ၁ ဖာလုံ (ဆမီးလမ်းခွဲ) အထိသာ တက်ရောက်ခွင့် ပြုတော့မည်ဖြစ်ကြောင်း DMO အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။
မကြာသေးမီက ရှာဖွေတွေ့ရှိထားသည့် လမ်းကြောင်းအသစ်အပါအဝင် လက်ရှိတွင် ဝိတိုရိယတောင်တက်လမ်း သုံးခုအနက် ဆမီးလမ်းခွဲမှ နောက်ဆုံးရှာဖွေထားသည့် လမ်းကြောင်းအတိုင်း တက်မည်ဆိုပါက နှစ်မိုင်ဝန်းကျင်သာ ရှိမည်ဖြစ်ပြီး ယင်းလမ်းကြောင်းသစ်သည် အတိုဆုံးလမ်းကြောင်း ဖြစ်မည့်အပြင် ဓာတ်ပုံရိုက်ကူးလိုသူများအတွက် သာယာလှပသည့် ရှုခင်းများစွာရှိနေကြောင်း လမ်းကြောင်းအသစ် ရှာဖွေရေးတွင် ပါဝင်ခဲ့သည့် ဒေသခံ ဧည့်လမ်းညွှန်တစ်ဦးက ပြောပါသည်။
ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) အစည်းအဝေးတွင် ၁၀ မိုင်စခန်း၌ သောက်သုံးရေရရှိရေး၊ ကိုးလောင်းရေတံခွန်ဆိုင်းဘုတ်၊ လမ်းညွှန်ဆိုင်းဘုတ်နှင့် နားနေရန်ကွပ်ပျစ်များ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် လိုအပ်သည့် ဆက်လက် အကောင်အထည်ဖော်ရမည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကိုလိန်း(ပြန်/ဆက်)


