ပခုက္ကူ၊ ၆  ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ကြီးတောကျေးရွာတွင် နွေရာသီကာလ သောက်သုံး ရေရှားပါးမှု မရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲနိုင်စေရေးတို့အတွက် တစ်နာရီလျှင် ရေဂါလန် ၁၅၀၀ ခန့် ထွက်ရှိသည့် စက်ရေတွင်း တစ်တွင်းတူးဖော်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မူလခွင့်ပြုရန်ပုံငွေ ကျပ် ၁၄ သန်းဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပေါက်မြို့နယ်၊ ချိုင့်ဇောက်ကျေးရွာအုပ်စု၊ သစ်ကြီးတောကျေးရွာ၌ အချင်းလေးလက်မ၊ အနက်ပေ ၇၄၀ ရှိသည့် ဦးစီးဌာန၏ JICA အဖွဲ့မှ စက်အမှတ်(DRD-001)ရေတွင်း တူးဖော်စက်ဖြင့် တစ်နာရီလျှင် ရေဂါလန် ၁၅၀၀ ခန့်ထွက်ရှိသည့်အထိ အကောင်အထည်ဖော် တူးဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါစက် ရေတွင်းတူးဖော်ဆောင်ရွက်နေမှု အခြေအနေအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူး ဦးတင့်ဝေ၊ ဦးစီးအရာရှိ ဦးသိန်းညွှန့်ဟန်(နည်းပညာ)၊ ပေါက်မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်နှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

 

သစ်ကြီးတောကျေးရွာရှိ ပြည်သူများသည် သောက်သုံးရေအတွက် ယခင် မြေသားမိုးလှောင်ရေကန်မှ ရေများကိုသာ နှစ်စဉ် အားထားသုံးစွဲခဲ့ကြပြီး ယခုစက်ရေတွင်းတူးဖော်မှု ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၇၆)အိမ်၊ လူဦးရေ (၃၇၅)ဦး တို့အတွက် နွေရာသီကာလရေရှားမှုမရှိဘဲ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲနိုင်ကြမည် ဖြစ်သောကြောင့် ကျေးလက်နေပြည်သူများ ကျေနပ်ပျော်ရွှင်ကြကြောင်း သိရသည်။

ဆလိုင်းကိုကီး