ပွင့်ဖြူ၊ ၆ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် အညာကျေးလက်ဒေသများရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းအား (နွေ၊ မိုး၊ ဆောင်း) ရာသီမပျက် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် ရွှေဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိသည့်အတွက် ဈေးကောင်းရရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံတောင်သူများ ထံက သိရသည်။
ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ယခင်က မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုအခါ စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာသည်နှင့်အမျှ အထွက်နှုန်း ကောင်းသော စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲစိုက်ပျိုး လုပ်ကိုင်လာကြကြောင်း သိရသည်။ ထိုသို့ သီးနှံများ စိုက်ပျိုးရာ၌ အချို့ကျေးရွာများမှ ဒေသခံတောင်သူများမှာ ဈေးကွက်ကောင်းမွန်သော ဟင်းသီးဟင်းရွက်စားပင် သီးနှံများကို ရွေးချယ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးသည့် ရွှေဖရုံသီးနှံမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကာ တောင်သူများအနေဖြင့် ရွှေဖရုံသီးနှံ ဆွတ်ခူးရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ရွှေဖရုံသီးနှံ စိုက်ပျိုးတောင်သူများထံက သိရသည်။
ရွှေဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် ပင်ပြန့်စိုက်နည်းစနစ်နှင့် စင်ထိုး၍စိုက်နည်းစနစ် ဟူ၍ (၂)မျိုးရှိပြီး ပင်ပြန့် စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက ရရှိလာမည့် ရွှေဖရုံသီးမှာ အလုံးကြီးထွားဖွံ့ဖြိုးမှု နည်းသည့်အတွက် ရောင်းချရာတွင် ဈေးလျော့နည်းကြောင်း၊ စင်ထိုး၍စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက အသီးသီးသည့်အခါတွင် အလုံးရေ ပို၍သီးသည့်အပြင် ကြီးထွားဖွံ့ဖြိုးမှု ကောင်းမွန်သည့်အတွက် ရောင်းချရာတွင် ဈေးပိုရရှိရှိကြောင်း၊ ရွှေဖရုံသီးနှံအပင်ရေ (၁၀၀)ခန့် စိုက်ပျိုးပါက စိုက်ပျိုးစရိတ်အရင်းအနှီး ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျမှုရှိပြီး သီးနှံဝင်ငွေအကျိုးအမြတ် အနေဖြင့် အနည်းဆုံး ငွေကျပ် (၆)သိန်းနီးပါးခန့် ရရှိကြောင်း၊ ရွှေဖရုံသီးနှံသည် စနစ်တကျ ပြုစုပျိုးထောင်စိုက်ပျိုးပါက စိုက်ပျိုးစရိတ် အရင်းအနှီးနည်းပြီး ဝင်ငွေပိုမိုရရှိသည့်အတွက် ရွှေဖရုံသီးနှံအား စိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ရွှေဖရုံသီးနှံစိုက်ပျိုးတောင်သူ ကိုသိန်းထိုက်ဦး က ပြောပြသည်။
ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာရှိ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေ အမှီပြု၍ ဥယျာဉ်ခြံမြေ များနှင့် ကိုင်းမြေများတွင် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံနှင့် သစ္စာပန်း၊ မေမြို့ပန်း၊ ဂန္ဓာပန်း၊ သပြေပန်း၊ ကံ့ကော်ပန်း စသည့် ဘုရားပန်းမျိုးစုံ တို့ကို (နွေ၊ မိုး၊ ဆောင်း ) ရာသီမပျက် စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရပြီး စိုက်ပျိုးသည့်သီးနှံများမှာ အောင်မြင်ဖြစ်ထွန်းမှု ရှိကြောင်းလည်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး )


