ပဲခူး၊ ၆ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကဝမြို့နယ် ကဝမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား(ကဝ)ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ရှိအသုံးပြုနေသည့် ပဲခူးမြစ်ကူးတံတား (ကဝ) ဘေလီတံတားသည် တစ်လမ်းသွား ဘေလီတံတားဖြစ်ပြီး ကဝမြို့တွင်းကို ဖြတ်သန်းသွား လာရသည့်အတွက် ယာဉ်ကြောကြပ်တည်းမှုများဖြစ်ပေါ်ကာ ယာဉ်အန္တရာယ်များပြား လာသောကြောင့် ကဝမြို့ရှောင်လမ်းကို တည်ဆောက်ရခြင်း ဖြစ်ပြီး ကဝမြို့ကြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီမှုရှိစေရန် ပဲခူးမြစ်ကူးတံတား(ကဝ) သံကူကွန်ကရစ်တံတားသစ်ကြီးကို ကဝမြို့ရှောင်လမ်းပေါ်တွင် တည်ဆောက် ပေးရခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ယခုလို ငွေကြေးအမြောက်အမြား အကုန်အကျခံ၍ တံတားသစ်ကြီးကို တည်ဆောက်ပေးပြီးဖြစ်လို့ ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စွာဖြင့် လိုရာခရီးကို သွားလာနိုင်ပြီဖြစ်သည့်အတွက် တံတားသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဒေသခံပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ပဲခူးမြစ်ကူးတံတား (ကဝ) တည်ဆောက်ပေးခြင်း အပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပဲခူးမြစ်ကူးတံတား (ကဝ)အား ပဲခူးတိုင်းဒေသကြီး စက်မှုလျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးတိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ ပမ္ပည်းမော်ကွန်းကျောက်စာအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့က အမွှေးနံ့သာရည်များပက်ဖျန်းပေးကြကာ ပဲခူးမြစ်ကူးတံတား (ကဝ)ပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါ ပဲခူးမြစ်ကူးတံတား(ကဝ)သည် ပဲခူးခရိုင်၊ ကဝမြို့နယ် ကဝမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ် ကိုဖြတ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၈ (၆)လ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ငွေ လုံးငွေရင်းရန်ပုံငွေ ကျပ်(၂၈၁၆)သန်းဖြင့် အရှည်ပေ (၆၀၀)၊ အကျယ် ပေ (၃၀)၊ (၂)လမ်းသွား သံကူ ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူကာ ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ပဲခူးမြစ်ကူးတံတား(ကဝ) တည်ဆောက်ပြီးစီးသွားသဖြင့် အင်းတကော်-ထုံးကြီး-ကဝ- အုန်းနှဲလမ်း ကို ဆက်သွယ်ပေးပြီး ရန်ကုန်-ခရမ်း-သုံးခွ-သနပ်ပင်-ပဲခူးလမ်းမကြီးကိုလည်း ချိတ်ဆက်ပေး နိုင်မည် ဖြစ်သဖြင့် ဒေသခံပြည်သူများအတွက် များစွာအရေးပါလှသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများသည် ကျိုက်ပဒိုင်-တာဝ-ပိုင်ကျုံ-ဖလေးလမ်းပေါ်ရှိ ပိုင်ကျုံချောင်းကိုဖြတ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်(၃၅၆ ဒသမ ၀၀)သန်းဖြင့် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှု ရွှေမြင့်သော် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သော အရှည်ပေ (၂၅၀)၊ အကျယ်ပေ (၂၀)ရှိ ကျားတက်တံတား(ပိုင်ကျုံ) ကွန်ကရစ်တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားပေါ်ဖြတ်သန်းကာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)


