မြင်းမူ၊ ၆ ဒီဇင်ဘာ

စစ်ကိုင်းခရိုင်  မြင်းမူမြို့နယ်အတွင်းရှိ  တောင်သူအများစုမှာ  ယခုအချိန်တွင် ကြက်သွန်နီစိုက်ပျိုးရေးအတွက် ပျိုးထောင်ခြင်းနှင့်အတူ  အချို့တောင်သူများမှာ စိုက်ပျိုးလျက်ရှိရာ ကြက်သွန်စိုက်ပျိုး တောင်သူများကို ဓာတုပစ္စည်းပါဝင်သည့် ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချရေးနှင့်  သဘာဝဆေးဝါးများ အသုံးပြုစိုက်ပျိုးရေးအတွက်   အသိပညာပေး လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဒီဇင်ဘာ  ၆  ရက်တွင် ကွင်းဆင်း ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဓိကပညာပေးဆောင်ရွက်ရာတွင် ဓာတုပိုးသတ်ဆေး အလွန်အကျွံသုံးစွဲခြင်းကြောင့် ကုန်ကျစရိတ် ကြီးမားခြင်း၊ ဓာတုဓာတ်ကြွင်းကြောင့်  စားသုံးသူများအတွက် ဖြစ်ပေါ်လာမည့် ရောဂါဘယများ၊ ဆေးဝါးများသုံးစွဲရာတွင်  ဖြစ်ပေါ်လာသည့် ပိုးမွှာကျရောက်မှု(ရောဂါ)ကို မိမိသုံးစွဲမည့် ဆေးဝါးနှင့်အချိန် ကိုက်အချိုးညီစွာ အသုံးပြုတတ်ရန်၊ မိမိတို့ကိုယ်တိုင်ပြုလုပ်နိုင်သည့် သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဩဇာနှင့် သဘာဝအားဆေးများ ပြုလုပ်သုံးစွဲခြင်းဖြင့်  သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးမှုကို  ကာကွယ်ထိန်းသိမ်းနိုင်သည့်အပြင် စားသုံးသူများအတွက် ဘေးထွက်ဆိုးကျိုးမရှိနိုင်ခြင်း၊  မြေဆီလွှာ ပျက်စီးမှုကို ကာကွယ်ခြင်းနှင့် ယခုစိုက်ပျိုးကြမည့် ကြက်သွန်မှာ  မြေအစိုဓာတ်ကို ကြိုက်နှစ်သက်သည့် အတွက် သဘာဝမြေဩဇာ၊   စူပါဘိုရှိကာ၊   သစ်ရွက်ဆွေး မြေဩဇာများ  အသုံးပြုစိုက်ပျိုးရေးတို့နှင့် ပတ်သက်၍ လည်းကောင်း၊     ကြက်သွန်ခင်းများတွင် ကျရောက်တတ်သည့်    ဖျက်ပိုးမှိုရောဂါ ကာကွယ်ရန်အတွက် ကုန်ကျစရိတ်သက်သာသည့် သဘာဝပိုးသတ်ဆေးရည်၊ သဘာဝမှိုသတ်ဆေးရည် နှင့် သဘာဝအားဆေးရည်များ ပြုလုပ်သုံးစွဲရေးတို့နှင့် ပတ်သက်၍ ကွင်းဆင်းပညာပေးဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်သဲသဲအောင်ထံမှ   သိရသည်။

 

မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာအချို့သည့်  ကြက်သွန်နီစိုက်ပျိုးခြင်းကို  အဓိကထားကာ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင် ခဲ့ကြောင်းနှင့် ယခုနှစ်တွင်လည်း အများအပြားစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ (မြင်းမူ)