ရန်ကုန်၊  ၆   ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ကြား တောရလမ်း၊ ဦးအရိယကျောင်းတိုက်ဝင်းအတွင်း တည်ရှိသည့် အမျိုးသားနေ့ သပိတ်သမိုင်း အထိမ်းအမှတ် ကျောက်စာတိုင် ရင်ပြင်တည်ဆောက်မှုလုပ်ငန်းများ အချိန်မီ ပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

၁၉၂၀ နှစ် အမျိုးသားနေ့ သပိတ်သမိုင်းအထိမ်းအမှတ်အဖြစ် ထိုအချိန်က သပိတ်စခန်းများ ဖွင့်လှစ်လုပ်ဆောင်ခဲ့သည့် တိုင် ၁၀၀ ကျောင်းတိုက်အပါအဝင် ပရဝဏ်များကို နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားအမီ ပြီးစီးရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

ကျောက်စာတိုင်ရင်ပြင်ပြုလုပ်သည့် လုပ်ငန်းနှင့်ပတ်သက်၍ မြို့မကျောင်းသားဟောင်းဖြစ်သူ ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက ရှင်းပြရာတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ညီငယ်တစ်ဦးက ဆိုရှယ်မီဒီယာ messenger မှတစ်ဆင့် ဆက်သွယ်လာပြီး၊ အမျိုးသားသပိတ် အမွေအနှစ်တစ်ခုကို ရေရှည်တည်တန့်ခိုင်မြဲအောင် မြို့မအမျိုးသားကျောင်းထွက်တစ်ဦးအနေဖြင့် စိတ်ဝင်စားမှုရှိမရှိနှင့် စိတ်ဝင်စားပါကလည်း အမျိုးသားနေ့နှစ် ၁၀၀ ပြည့်ရက်မတိုင်မီ ပြုပြင်ရန်အစီအစဉ်ရှိ-မရှိ ဆိုပြီး မေးမြန်းလာသည့်အတွက် အမျိုးသားကျောင်းထွက်တစ်ဦး ဖြစ်သူအနေဖြင့် ဤကျောက်စာတိုင်ကို ပြုပြင်ရန် သမိုင်းပေးတာဝန် တစ်ရပ်လို့ သတ်မှတ်ပြီး၊ မြို့မကျောင်းသားဟောင်းများအသင်းအား တင်ပြပြီး ရန်ပုံငွေတောင်းခံ၍ ကျောင်းထိုင်ဆရာတော်အား လျှောက်ထားခွင့်ပြုချက် ရယူကာ၊ ယခုကျရောက်မည့် အမျိုးသားနေ့အမီ ပြင်ဆင်ရန်ကြိုးစားလျှက် ရှိပါကြောင်း ရှင်းပြသည်။

 

ပြုပြင်ရာတွင်လည်း ကျောက်စာတိုင်အား မူလအခြေအနေအတိုင်း မပြောင်းလဲစေဘဲ ကျောက်စာတိုင် စိုက်ထားသည့် ပတ်လည်ကိုသာ အများပြည်သူ လာရောက်ဂါဝရပြုလျှင် သေသပ်၊သပ်ရပ်စွာနှင့် အမြင်တင့်တယ်စွာ ရှိနေစေရန်အတွက် ကျောက်စာတိုင် ပတ်လည်တွင် ဖြစ်ထွန်းနေသည့် ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပြီး ရင်ပြင်တည်ဆောက်ရေး လုပ်ငန်း ပြုလုပ်နေခြင်း ဖြစ်ပါကြောင်း၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကျောက်စာတိုင်အား ဆေးသုတ်သည်မှ အစပြု၍ပြင်ဆင်ရန် လိုအပ်သည်များကို မူလပြုပြင် ထိန်းသိမ်းခဲ့ဖူးသူများ၊ တတ်သိနားလည်သည့်ပညာရှင်များနှင့် တိုင်ပင်ပြီး၊ ကျောင်းတိုင်ဆရာတော်၏ သြဝါဒခံယူ၍ ဆောင်ရွက်ပြုပြင်နေသည့် မြို့မကျောင်းသား ကျောင်းသူဟောင်းများအသင်းက ဆုံးဖြတ်ထားပါကြောင်း” ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ကျောင်းထိုင်ဆရာတော်က ယခုလက်ရှိ ကျောင်းတိုက်သည် ၁၉၀၃ ခုနှစ်ကစတင် တည်ထားခဲ့သည် ဖြစ်သဖြင့် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၁၇ နှစ် ရှိပြီဖြစ်ပါကြောင်း၊ ကျောက်စာတိုင်နှင့် ပတ်သက်၍ နှစ်ပေါင်း ၅၅-၆၀ ခန့်ရှိပြီဟု သိရှိထားပါကြောင်း၊ ကျောက်စာတိုင်သည်သမိုင်းဝင်မှတ်တိုင် ဖြစ်သော်လည်း ပြုပြင်ထိန်းသိမ်းမည့်သူ အတိတကျ မရှိပါသဖြင့် ဘုန်းကြီအနေဖြင့် တတ်အားသရွေ့ ထိန်းသိမ်းထားပါကြောင်း ရေရှည်မှာ ပျက်စီးသွား နိုင်ပါကြောင်း၊ မြို့မကျောင်းသားဟောင်းဖြစ်သူ ဗဟန်းမြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌလာရောက်ပြီး၊ မြို့မကျောင်းသားကျောင်းသူ ဟောင်းများအသင်းက ပြုပြင်ထိန်းသိမ်းရန်အတွက် လုပ်ဆောင်လိုကြောင်း လာရောက်လျှောက်ထားလာသည့် အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း မိန့်ကြားခဲ့သည်။

 

အဆိုပါ အမျိုးသားသပိတ် ကျောက်စာတိုင်အား နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)