အိမ်မဲ၊ ၆  ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းသည် အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် တာဝန်ရှိသူများက အိမ်မဲမြို့ထိပ်ရှိ ခရီးသွားရာဇဝင် စစ်ဆေးရေးဂိတ်၊ မြို့အဝင်ခရီးသွား ထောက်ခံစာစစ်ဆေးရေးဂိတ်၊ Facility Quarantine Camp ထားရှိသော အ-ထ-က(၁)အိမ်မဲ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ယာယီဆေးရုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကဏ္ဍ အသီးသီးတွင် ပါဝင်လုပ်ကိုင်ပေးနေသူများကို ဂုဏ်ပြုအားပေးစကားများပြောကြားကာ အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ အလှူငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အိမ်မဲမြို့နယ်အနေနှင့် Facility Quarantine Camp အသွားအလာကန့်သတ်ထားသူ အ-ထ-က (၁) အိမ်မဲတွင် (၃၉)ဦးနှင့် ကိုဗစ်-၁၉ ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက်ကုသနေသူလူနာ (၂)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)