စေတုတ္တရာ၊ ၆  ဒီဇင်ဘာ          

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား  ရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ  ၅  ရက် နံနက်ပိုင်းက မထိမ်းကျေးရွာအတွင်းရှိ တောင်သူများ၏ ကျွဲ၊ နွား အကောင်ရေ (၁၈၀)ခန့်အား ခွာနာလျှာနာ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကျွဲ၊ နွား ခွာနာလျှာနာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က ဦးဆောင်၍ မထိမ်းကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွား အကောင်ရေ(၁၈၀)ခန့်အား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဒေသခံပြည်သူများအား ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သည့် ရောဂါများအကြောင်း၊ ကာကွယ်ဆေးထိုးနှံရခြင်း အကြောင်းအရင်းများနှင့် ရာသီအကူးအပြောင်း ကာလအတွင်း တိရစ္ဆာန်များတွင် ဖြစ်ပေါ်တတ်သည့် ကူးစက်ရောဂါ များအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျွဲ၊ နွား ခွာနာလျှာနာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

စည်သူလွင်(ပြန်/ဆက်)