ဖားကန့်၊ ၆ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခံကျေးရွာအဝင် ကျန်းမာရေးနှင့် ခရီးသွားရာဇဝင် စစ်ဆေးရေးဂိတ်၌ Mask တပ်ဆင်လာခြင်းမရှိဘဲ ဆိုင်ကယ်နှစ်စီးနှင့် လူငယ်လေးဦးမှ ဂိတ်ဖြတ်ကျော်ရန်လာရောက်စဉ် ဂိတ်တာဝန်ကျနေသူများက ကျန်းမာရေး အသိပညာပေးပြောကြားမှုအား လက်မခံဘဲ ဂိတ်တာဝန်ကျ အမျိုသမီးတစ်ဦး၏ခေါင်းကို လူငယ်တစ်ဦးက လက်သီးဖြင့်ထိုးခဲ့မှု ယမန်နေ့ (ဒီဇင်ဘာ ၅ ရက်) ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဟောင်ပါးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
"ဂိတ်ဖြတ်ကျော်ဖို့လာတဲ့ လူငယ်တွေက အသက်(၂၀)ဝန်းကျင်တွေ၊ တာမခံဘက်ကနေ ဖားကန့်ဘက်လာတာပေါ့ ဘုရားတောင်ကျေးရွာသွားမယ်ပြောတာ၊ Mask မတပ်လာတော့ ဂိတ်က တာဝန်ရှိသူတွေက ကျန်းမာရေးအရ Mask တပ်ဖို့ ပြောတာပေါ့၊ အဲ့တာကို လက်မခံပဲ ဂိတ်က တာဝန်ကျ အမျိုးသမီးတစ်ဦးရဲ့ ခေါင်းကို တစ်ယောက်က လက်သီးနဲ့ထိုးလိုက်တာ၊ ဒီနေ့တော့ သူတို့ကို ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေပါတယ်"ဟု ဟောင်ပါးကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျန်းမာရေးစစ်ဆေးသည့်ဂိတ်မှ တာဝန်ကျနေသူအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူမှာ တာမခံ ရပ်ကွက် (၆)တွင် နေထိုင်သူ စံဝင်း(၁၉)နှစ်ဖြစ်ပြီး၊ ၎င်းနှင့်အတူ တာမခံ ရပ်ကွက်(၇)တွင်နေထိုင်သူများဖြစ်သည့် အောင်စိုးမိုး(၂၁)နှစ်၊ ဟိန်းမင်းစိုး(၁၇)နှစ်နှင့် ထန်းကီး(၂၀)နှစ်တို့ကိုတာမခံနယ်မြေရဲစခန်း၌ တာဝန်ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ (၂၆)ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အမှုအားလက်ခံဆောင်ရွက်နေသည့် တာမခံနယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်တင့်က ပြောသည်။
ဖားကန့်၌ ယခင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်မှုများအား တားဆီးနှောင့်ယှက်မှု များကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အရေးယူခဲ့သည့် အမှုပေါင်း လေးမှုရှိခဲ့သည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာ၌ နိုဝင်ဘာ (၁)ရက်နေ့ည (၉)နာရီခန့်ကလည်း ကျန်းမာရေးစစ်ဆေးသည့် ရွာအဝင်ဂိတ်တွင် စကားများမှုအား အကြောင်းပြုလျက် ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး အရန်မီးသတ်သုံးဦးနှင့် အရပ်သားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး အခြားအရပ်သားတစ်ဦးသေဆုံးခဲ့ရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ရပြီး ကျူးလွန်သူအား ပုဒ်မ ၃၂၆ နှင့် ပုဒ်မ ၃၀၂ တို့ဖြင့် အရေးယူခဲ့ရသည်။
အဆိုပါ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာ ဖြစ်စဉ်နောက်ပိုင်း မြို့နယ်တွင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ထားရှိမှုကို ဆောင်ရွက်ခြင်းမရှိတော့သော်လည်း နိုဝင်ဘာ (၂၁)ရက်နောက်ပိုင်း ပိုးတွေ့ရှိမှုဆက်တိုက်မြှင့်တက်နေမှုကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဒီဇင်ဘာ(၂)ရက်နေ့မှ စတင်ပြီး တစ်မြို့နယ်လုံးကို ကိုယ်အပူချိန်တိုင်း ကျန်းမာရေး စစ်ဆေးသည့် ဂိတ်များပြန်လည်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအခြေအနေအရ ဒီဇင်ဘာ(၅)ရက်နေ့အထိ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူပေါင်း (၁၇၅)ဦးရှိနေရာ (၁၀၂)ဦးဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး သီတဂူစက္ခုဒါနဆေးရုံ၌ (၇၁)ဦး၊ လုံးခင်းတိုက်နယ်ဆေးရုံ၌ (၂)ဦး ဆေးဝါးကုသမှု ပေးထားရလျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးမှူးထံမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


