နမ့်စန်၊   ၆   ဒီဇင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ပဲပုပ်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများကို ပဲပုတ်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ဒီဇင်ဘာ  ၆  ရက် နံနက် ၁၀ နာရီက အမှတ်(၅)ကျေးရွာအုပ်စု  အမှတ်(၁၀)ကျေးရွာအနီးရှိ ရေဆင်း(စပ်မျိုး-၁) နေကြာမျိုးစေ့ထုတ် စိုက်ခင်း၌ ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း  သိရသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးက အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်က မျိုးစေ့ထုတ်လုပ်ငန်းအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြနှင့် နမ့်စန်မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမြသိန်းတို့က မျိုးစေ့နှင့်မြေဩဇာများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

 

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင်ဦး၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နန်းစောမြ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမြသိန်းနှင့် တာဝန်ရှိသူများက အမှတ်(၅)၊ နမ့်လစ်၊ လွိုင်ယဲ၊ မက်မွန်မုန်း၊ နောင်ဟီး၊ မိုင်းစိတ် ကျေးရွာအုပ်စုတို့မှ ပဲပုပ်နှင့် နေကြာစိုက်ပျိုးမည့် တောင်သူ ၃၀ ကို ပဲပုပ်မျိုးစေ့ ရေဆင်း-၁၅ ဧက ၃၀ စာ၊ နေကြာမျိုးစေ့ ရေဆင်းစပ်မျိုး-၁ ဧက ၂၀ စာနှင့် ဂျစ်ပဆန် အထူး ကျောက်မှုန့် မြေဩဇာအိတ် ၁၅၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ တက်ရောက်လာကြသောတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ရေဆင်း (စပ်မျိုး-၁) နေကြာမျိုးစေ့ထုတ်စိုက်ခင်းကို လေ့လာကြည့်ရှုကာ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

သူရအောင်(ပြန်/ဆက်)