စစ်ကိုင်း၊ ၆ ဒီဇင်ဘာ
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သောတာပန်စျေးကို ဒီဇင်ဘာ ၆ ရက်က စတင်၍ ဒီဇင်ဘာ ၁၈ ရက်အထိ ယာယီပိတ်သိမ်းလိုက်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
စစ်ကိုင်းတောင်ရိုး သောတာပန်ရပ်ကွက်အုပ်စုအတွင်းရှိ သီလရှင်ချောင်အချို့မှ သီလရှင် ဆရာကြီး၊ ဆရာလေးများနှင့် လူပုဂ္ဂိုလ်အချို့ COVID -19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် သောတာပန်စျေးကို ယာယီပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
“သောတာပန်စျေးက ရဟန်း၊ သံဃာ သီလရှင်ဆရာကြီး ဆရာလေးတွေ ဝယ်ယူမှုများတဲ့ စျေးဖြစ်တယ်။ သောတာပန်ရပ်ကွက်ထဲမှာရှိတဲ့ သီလရှင်စာသင်တိုက်က ရောဂါပိုးတွေ့တော့ ကူးစက်ပြန့်ပွားမှု မရှိအောင် ပိတ်လိုက်တာပါ။ ဒီနေ့ကစပြီး ဒီဇင်ဘာ ၁၈ ရက်အထိ ယာယီပိတ်လိုက်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းတောင်ရိုး၊ သောတာပန်စျေးတွင် စျေးဆိုင်ခန်းပေါင်း ၂၀ ကျော်နှင့် ပျံကျစျေးသည် ၄၀ ဝန်းကျင် ခန့်ရှိပြီး စစ်ကိုင်းတောင်ရိုးတွင် မှီတင်နေထိုင်သော ရဟန်းသံဃာ၊ သီလရှင် ဆရာကြီး၊ ဆရာလေးနှင့် လူပုဂ္ဂိုလ်များက အဆိုပါစျေးမှ အဓိက ဝယ်ယူကြကြောင်း သိရသည်။
ခိုင်ဇေယျ(စစ်ကိုင်း)


