လွိုင်လင်  ၆ ဒီဇင်ဘာ  

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌  အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဉပဒေဖြင့်ကာကွယ်ပေး၊ ထာဝရဖဲကြိုးဖြူနေ့ လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၆ ရက် နံနက်က လွိုင်လင်မြို့ မြို့မဈေးကြီးနှင့် ယာယီပျံကျဈေးတို့မှာ  အလင်းရောင် မေတ္တာအသင်းနှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရန်  အကူအညီပေးရေးအဖွဲ့တို့က နှာခေါင်းစည်းများ၊ ဖဲကြိုးဖြူ ရင်ထိုးတံဆိပ်များ ၊ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ယင်းတို့ဆောင်ရွက်ရာတွင် တောင်ကြီးမြို့ ကမ်းလက်မေတ္တာအဖွဲ့က နှာခေါင်းစည်းများ၊ ရင်ထိုးတံဆိပ်များ၊ အသိပညာပေး လက်ကမ်းစာစောင်များ ထောက်ပံ့ခဲ့ပြီး ကျား/မ တန်းတူမှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရန်၊ ပြည်သူအများ ပူးပေါင်းပါဝင်လာစေရန်နှင့် ကိုဗစ် - ၁၉ ကာကွယ်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အလင်းရောင်မေတ္တာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဉပဒေဖြင့်ကာကွယ်ပေး၊ ထာဝရဖဲကြိုးဖြူနေ့ လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း ၁၀၀၀၊ ဖဲကြိုးဖြူ ရင်ထိုးတံဆိပ် ၅၀၀ နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

မိုးလွင်ဦး(လွိုင်လင်)