ပွင့်ဖြူ   ၆  ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းတည့် ၁၂ နာရီက  ပွင့်ဖြူမြို့-မုန်းဇလဲကျေးရွာ ရေကျော်ချောင်းကူးတံတား တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အဖွဲ့သည် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ ခွင့်ပြုရန်ပုံငွေကျပ် သန်း (၂၅၀) ဖြင့် ပွင့်ဖြူမြို့ -မုန်းဇလဲကျေးရွာ ရေကျော်ချောင်း အရှည်ပေ ၈၀ အား သံကူကွန်ကရစ်ဘေလီတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးလွင်အေးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် လုပ်ငန်းအရည်အသွေး ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ 

အဆိုပါ ပွင့်ဖြူမြို့- မုန်းဇလဲကျေးရွာ ရေကျော်ချောင်းကူး သံကူကွန်ကရစ်ဘေလီတံတားမှာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း၊ အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ မြို့ပြနှင့်ကျေးလက် ရာသီမရွေးအဆင်ပြေစွာ ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် ဆောင်ရွက်နေသည့် အလျား ၂၇ ပေ ၊ အနံ ၁၈ ပေရှိ Steel Structure အမျိုးအစား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)