နေပြည်တော်  ၆  ဒီဇင်ဘာ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းဘွဲ့နှင်းသဘင်ခန်းမတွင် တက္ကသိုလ်သင်ကြားရေး ဘာသာရပ်ဆိုင်ရာ ဆရာ/ ဆရာမများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ ဆရာ/ဆရာမများ ခန့်ထားနိုင်မှု၊ တက္ကသိုလ်ဝင်ခွင့်လက်ခံနိုင်မည့် ကျောင်းသား/ကျောင်းသူအရေအတွက်၊  တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ထားသည့် စံအချက်များနှင့် စာသင်နှစ်အလိုက်သင်ကြားမည့် ဘာသာရပ်များအား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများအား ရာထူးတိုးမြှင့် ခန့်ထားရေးနှင့် ဖွဲ့စည်းပုံပါ ခွင့်ပြုအင်အားအတိုင်း ခန့်ထားနိုင်ရေးတို့အတွက် ဝန်ကြီးဌာနမှ “မူ” များ၊ ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘာသာရပ်အလိုက် သင်ကြားရေးဆိုင်ရာ ဆရာ/ ဆရာမများအား ၄င်းတို့၏ စာသင်ကြားမှု အတွေ့အကြုံများ၊ အခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများအား မေးမြန်းခဲ့ပြီး တက္ကသိုလ် သင်ကြားရေးအပိုင်းကို ပိုမိုအဆင့်မြှင်တင်နိုင်ရေး ဆရာ/ဆရာမများကို စဉ်ဆက်မပြတ် လေ့လာသင်ယူရန်နှင့် မိမိ၏ အားနည်းချက် လိုအပ်ချက်များအား အမြဲသုံးသပ်ပြင်ဆင်ရန်၊ မြန်မာနိုင်ငံတွင် သစ်တောပညာရပ်ကို  ရန်ကုန် တက္ကသိုလ်၌  ၁၉၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ လာမည့် ၂၀၂၃ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်မည် ဖြစ်ပါကြောင်း၊ သစ်တောပညာ ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များ ကြိုတင်ဆွေးနွေး တိုင်ပင်ထားရန်နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန်မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သစ်တောသုတေသနဌာန၊ ရေဆင်းရှိ Chinese Academy of Sciences နှင့်ပူးပေါင်းဆောင်ရွက်သည့် Southeast Asia Biodiversity Research Institute မှ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး သုတေသနစီမံကိန်းရလဒ်များအား ကြည့်ရှုစစ်ဆေး၍ စီမံကိန်းရလဒ်များအား အင်္ဂလိပ်/ မြန်မာနှစ်ဘာသာဖြင့် စာအုပ်ထုတ်ဝေနိုင်ရေး မှာကြားသည်။

ထို့နောက် သစ်တောသုတေသနဌာန တာဝန်ရှိသူများက (၃၂) ကြိမ်မြောက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားအတွက် Virtual Event စနစ်ဖြင့် ကျင်းပမည့်အစီအစဉ် သရုပ်ပြဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စာတမ်းအကျဉ်း ချုပ်များအား အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့်ပြုစု၍ အင်တာနက် ဝက်ဘ်ဆိုဒ်နှင့် Facebook Account များတွင် ကြိုတင်ဖြန့်ဝေကြေငြာထားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပင်တစ်ရှုးမွေးမြူခြင်းဓါတ်ခွဲခန်း (Plant Tissue Culture Lab) အတွင်း တမလန်းပျိုးပင်များ မွေးမြူထုတ်လုပ်နေမှုနှင့် ပျိုးပင်ပေါက်များ စမ်းသပ်စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများက သစ်တောသုတေသနဌာန၊ စုဝေးခန်းမအတွင်း (၃၂) ကြိမ်မြောက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားအတွက် အသေးစိတ် ပြင်ဆင်ထားရှိမှုများ၊ အာရှ-ပစိဖိတ်ဒေသ သစ်တောများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောများ ပြန်လည်ထူထောင်ခြင်း ကွန်ယက် (Asia Pacific Forest Rehabilitation and Sustainable management Network (APFNet) နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မဲခေါင်ဒေသ (မြန်မာနိုင်ငံ)တွင် သစ်တောဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်း စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများနှင့် ထင်းရှုးစိုက်ခင်း များအတွင်း ပင်ကျပ်နှုတ်ခြင်းအတွက် သုတေသနတွေ့ရှိချက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်