မန္တလေး၊ ၆ ဒီဇင်ဘာ

မီးသင့်လောင်ကျွမ်းခဲ့သည့် ရတနာပုံဈေး  Skywalk အထပ်ကို ပြန်လည်ပြုပြင်နေပြီး အမိုးပိုင်းကို ကွန်ကရစ် စတင်လောင်းနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက ရတနာပုံဈေးရှိ Skywalk မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၁၂၅ ခန်း မီးဘေးသင့်ခဲ့သည်။

“မီးသင့်ဒဏ်ကြောင့် ခိုင်မာမှု လျော့ကျသွားတဲ့ ကြမ်းခင်းပိုင်း၊ မျက်နှာကြက်တွေကို ကျွမ်းကျင်သူ အင်ဂျင်နီယာများ တစ်ကန့်ချင်း စနစ်တကျပြန်လည်စစ်ဆေးပါတယ်။ ကြံ့ခိုင်မှုမရှိတဲ့နေရာများကို ဖြိုဖျက်ပြီး အသစ်ပြုပြင်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနဲ့ ကုန်ရုံဌာန ဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ကြပ်မတ်ပြီး Skywalk စင်တာ ပြုပြင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

ဖြိုးအိ