ရန်ကုန်၊  ၆ ဒီဇင်ဘာ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် ရပ်နားထားသော Yangon Water Bus ခရီးစဉ်ကို ဒီဇင်ဘာ ၇ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း Yangon Water Bus ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Yangon Water Bus ခရီးစဉ်ကို ဆာပါချောင်နှင့် လမ်းသစ်ဆိပ်ကမ်းတို့ကို အသွားအပြန် ပြေးဆွဲမည်ဖြစ်ပြီး ဆာပါချောင်ဆိပ်ကမ်းမှ နံနက် ၆ နာရီတွင်လည်းကောင်း၊ လမ်းသစ်ဆိပ်ကမ်းမှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် လည်းကောင်း စတင်ထွက်ခွာမည်ဖြစ်ပြီး၊ ညပိုင်းတွင် လမ်းသစ်ဆိပ်ကမ်းမှ ၇ နာရီတွင်လည်းကောင်း၊ ဆာပါ ချောင်ဆိပ်ကမ်းမှ ၇ နာရီ ၁၅ မိနစ်တွင်လည်းကောင်း နောက်ဆုံးထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ 

သင်္ဘောပြေးဆွဲပေးမည့် အချိန်ဇယားများကို မနက်ပိုင်းနှင့် ညပိုင်းခွဲခြားထားပြီး နံနက်ပိုင်းတွင် နံနက် ၆ နာရီ မှ ၉ နာရီ ၄၅ မိနစ်အထိလည်းကောင်း၊ ညနေပိုင်းတွင် ညနေ ၃ နာရီ ၃၀ မှ၊ ည ၇ နာရီ ၁၅ မိနစ်အထိလည်းကောင်း ပြေးဆွဲမည်ဖြစ်ကာ Yangon Water Bus ခရီးစဉ်အတွက် လက်မှတ်ဝယ်ယူသူများအား ပါးစပ်၊ နှာခေါင်းစည်းများ အခမဲ့ဝေငှမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နောက်ပိုင်း၌ ပန်းဆိုးတန်း၊ အံ့ကြီး၊ သမ္မတဆိပ်ကမ်းများသို့လည်း ဆက်လက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ညနေခင်းနေဝင်ဆည်းဆာအလှ ကြည့်ရှုသည့်ခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း တင့်တင့်မြန်မာကုမ္ပဏီများအုပ်စုဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်ထံမှ သိရသည်။

ရန်ကုန်မြို့နေ ပြည်သူများ၏ ခရီးသွားလာမှုကို အထောက်အကူဖြစ်စေမည့် Yangon Water Bus ခရီးစဉ်များကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး