ကန်ကြီးထောင့်၊  ၇ ဒီဇင်ဘာ

 

ပြည်သူများ မီးဘေးအန္တရာယ်မှကင်းဝေးစေရေးနှင့် မီးဘေးသတိ အမြဲရှိနေစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတိပေးချက်များကို ဒီဇင်ဘာ ၆ ရက်၊ ညနေ ၄ နာရီမှ စတင်ကာ မီးသတ်ယာဉ်ဖြင့် မြို့နယ်အတွင်းသို့ လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်များထားရှိရန်၊ မီးကြွင်း၊ မီးကျန်များ အပါအဝင် ခြင်ဆေးခွေမီး၊ ဖယောင်းတိုင်မီးများကို သေချာစွာငြှိမ်းသတ်ပြီးမှ အိပ်စက်ကြရန်၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကိုအသုံးပြုပြီးတိုင်း ခလုတ်များပိတ်၊ ပလပ်များဖြုတ်ထားရန်၊ လျှပ်စစ်ဝိုင်ယာကြိုးများအား ခံနိုင်ဝန်အားထက် ပိုမိုသုံးစွဲခြင်းမပြုရန်၊ တရားမဝင် လောင်စာဆီများကို သိုလှောင် ရောင်းချခြင်းများမပြုလုပ်ကြရန်၊ ယာဉ်စီး လမ်းလျှောက်သည့်အခါတိုင်း ဆေးလိပ်မသောက်ကြရန် စသည့် မီးသတိပေးချက်များကို အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းသို့ လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

"ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များနှင့် နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးဆိုင်ရာများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဘေးအန္တရာယ်များ ရုတ်တရက်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေးအတွက် မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးသုံး စက်ကိရိယာများနှင့် တပ်ဖွဲ့ဝင်များကို အသင့် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း" မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ပြောသည်။

 

နန်းထိုက် (ပြန်/ဆက်)