ရေတာရှည်၊  ၇   ဒီဇင်ဘာ

 

       

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆပ်သေ(မြောက်)ကျေးရွာအနီး ရန်ကုန်-မန္တလေးကား လမ်းတွင် ဒီဇင်ဘာ ၆ ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က ရပ်တန့်ထားသော ကြံတင်ယာဉ်၏ နောက်ပိုင်းအား အရှိန်လွန်ဝင်တိုက်သည့် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦး စလုံးနေရာ၌ သေဆုံးသွားခဲ့ကြောင်း ရေနီနယ်မြေရဲ စခန်းမှသိရှိရသည်။

 

        

ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ ရေနီနယ်မြေ ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ရွှေစင်ဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း မြောက်မှတောင်သို့  ဦးညိမ်း မောင်းနှင်ပြီး နောက်တွင် ဦးမင်းကြည် လိုက်ပါလာသော ဆိုင်ကယ်သည် ကားလမ်းမိုင်တိုင်အမှတ် ၁၉၈/၇ နှင့် ၁၉၉/၁ အကြား ဆပ်သေ(မြောက်)ကျေးရွာအနီး အခင်းဖြစ်နေရာအရောက် ကားလမ်းအနောက်ဘက်ခြမ်းတွင်  ကြံများတင်ဆောင်၍ ရပ်တန့်ထားသော ယာဉ်၏ ဝဲဘက်နောက်ပိုင်းကို ဝင်တိုက်မိခဲ့ပြီး ရရှိသည့်ဒဏ်ရာများဖြင့် နှစ်ဉီးစလုံးနေရာ၌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

 

 

ဖြစ်စဉ်ကို ရေနီနယ်မြေရဲစခန်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

 

ကိုလွင်(ဆွာ)