ဂန့်ဂေါ၊ ၇ ဒီဇင်ဘာ
အရည်အသွေးကောင်းစပါးမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းကို ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် ပူးပေါင်း၍ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင် ဆောင်ရွက်ထားကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စမ်းသပ်ကွက် အချက်အလက်များ စစ်တမ်းကောက်ယူခြင်းကို ဒီဇင်ဘာလ ၆ ရက်က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ကွင်းဆင်း စစ်တမ်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်နှင့် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်တို့က ကွင်းဆင်းကြီးကြပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ လာရောက် လေ့လာကြသည်။
စမ်းသပ်ကွက်များတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ရရှိသည့် အရည်အသွေးကောင်း စပါးမျိုးသစ် (၉)မျိုး၊ စံထားမျိုးများဖြစ်သည့် ဧကရီမွှေး၊ ရေဆင်းလုံးသွယ်၊ ဒေသစံထားမျိုးဖြစ်သည့် ဆင်းသုခ စပါးမျိုး စသည့် စပါးမျိုးများကို ယှဉ်ပြိုင်စမ်းသပ်ထားခြင်းဖြစ်ပြီး စမ်းသပ်ကွက်တစ်ကွက်လျှင် စပါးမျိုး (၅)မျိုးယှဉ်ပြိုင်စမ်းသပ်ထားကာ စမ်းသပ်ကွက် (၃) ကွက် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
ဈေးကွက်ဝင်အရည်အသွေးကောင်း စပါးမျိုးများကို စိုက်ပျိုးခြင်းဖြင့် တောင်သူများ စီးပွားရေး တွက်ခြေကိုက်ပြီး ဝင်ငွေတိုးစေရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် အရည်အသွေးကောင်း စပါးမျိုးများကို ရွေးချယ်နိုင်ရန် စမ်းသပ်ကွက်များအဖြစ် စိုက်ပျိုးဆောင်ရွက်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် စမ်းသပ်စိုက်ပျိုးသည့် စပါးမျိုးများ၏ ဒေသနှင့်ကိုက်ညီမှု၊ အပင်ဖြစ်ထွန်းမှု၊ အထွက်နှုန်း နှင့် အကျိုးအမြတ်ရရှိမှု၊ စားကောင်း မကောင်းနှင့် တောင်သူကြိုက်နှစ်သက်မှု စသည်တို့ကို ယှဉ်ပြိုင် စမ်းသပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း


