မိုင်းယု၊ ၇ ဒီဇင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဟိုခိုတံတားအနီးရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ ခရီးသွားလာသူများ သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူး၏ သွားလာခွင့် ကတ်ပြားနှင့် ဌာနဆိုင်ရာဖြင့်ပါက M.O ပါမှသာ အဝင်/အထွက် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲခန့်က မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ အသိပေး နိုးဆော်ခဲ့သည်။
တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူဦးရေ နေ့စဉ် တိုးလာသည်နှင့်အမျှ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်နေသဖြင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရောဂါကူးစက်မှုမရှိစေရန်အတွက် မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက မိုင်းယောင်းမြို့နယ်မှလာသူများ မိုင်းယောင်းမြို့နယ်၏ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးမှ ထုတ်ပေးသည့် သွားလာခွင့်ကတ်ပါမှသာ မိုင်းယုမြို့သို့ ဝင်ခွင့်ပြုမည်ဖြစ်ပြီး အလားတူ မိုင်းယုမြို့ ဒေသခံပြည်သူများကလည်း မိုင်းယောင်းမြို့နယ်သို့သွားပါက မိုင်းယုမြို့ရှိ သက်ဆိုင်ရာ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူး၏ သွားလာခွင့်ကတ်ပါမှသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အလားတူ မိုင်းယုမြို့၏ ဌာနဆိုင်ရာများအနေဖြင့်လည်း မြို့တွင်းသွားလာပါက ကတ်ပြရန်မလိုပဲ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ လက်မှတ်ရေးထိုးရန်သာ လိုအပ်ကြောင်းနှင့် မိုင်းယောင်းမြို့နယ် ပြင်ပသွားပါက M.O ယူဆောင်သွားရန်လိုအပ်ပြီး မပါက Home Quarantine ခုနစ်ရက်နေ၍ Antigen Test Kit ဖြင့် စစ်ဆေးမှုများကို ဟိုခိုတံတားအနီး ကျန်းမာရေးစစ်ဆေးဂိတ်တွင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)


