စစ်တွေ၊  ၇  ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၄၆ ဒသမ ၂၀ဝ သန်း အသုံးပြုကာ ကျေးရွာ (၁၅)ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူ များသန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် သောက်သုံးရေ ရှားပါးနိုင်သည့် ကျေးရွာများကို ဘဏ္ဍာရေးနှစ်အလိုက် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးညှိနှိုင်းရွေးချယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၊ ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၄၆ ဒသမ ၂၀ဝ သန်းဖြင့် လက်တူးတွင်းတူးဖော်ခြင်း (၁၀) တွင်း၊ မွမ်းမံ(၉)တွင်း၊ လက်နှိပ်တုံကင်(၈)ခု၊ ရေစုကန်နှစ်ကန်၊ အိမ်တိုင်ရာရောက်ရေ ပေးရေး လုပ်ငန်းတစ်ခုနှင့် ရေကန်ခြံစည်းရိုးကာရံခြင်းငါးခု တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းမှာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ပြီးဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင် ရွက်မည့်လုပ်ငန်းအား တင်ဒါဆောင်ရွက်ဆဲဖြစ်ကြောင်း စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေ၊ မြို့နယ်ဦးမှူး၊ ဦးသန်းစိုးဦးက ပြောသည်။

 

တင်ထွန်း(ပြန်/ဆက်)