ပွင့်ဖြူ၊   ၇   ဒီဇင်ဘာ         

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရန်နှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက် ကောင်းမွန်ရေးအတွက် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ တောင်သူ ဦးကျော်ကျော်၏ မိုးစပါးစိုက်လယ်မြေတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်မော်မော်ဝင်း က ကိုဗစ် - ၁၉ ကာလ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်အခဲမဖြစ်စေရေးအတွက် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ အကြောင်းကို လည်းကောင်း၊ မင်းဘူးခရိုင်ဦးစီးမှူး ဒေါ်နီလာမော်က စပါးသီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးပွားရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်က မြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးဆောင်ရွက် ထားရှိမှုနှင့် လုပ်ငန်းအားသာချက်၊ အားနည်းချက်များကိုလည်းကောင်း ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ တောင်သူပညာပေး ဆွေးနွေးဟောပြောကြသည်။

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် လယ်လှကုန်း ကျေးရွာ တောင်သူ ဦးကျော်ကျော်၏ CERP အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ် စိုက်ခင်း ၂ ဧက အား စံကွက်ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်း စပါးတင်းရေ(အစို) ၁၀၉ ဒသမ ၃၈ တင်း နှင့် အခြောက် ၉၈ ဒသမ ၄၄ တင်း ထွက်ရှိကြောင်း သိရသည်။

 

အဆိုပါ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး ဒေါ်မော်မော်ဝင်းနှင့် (မြေ၊ မျိုး ၊ ပိုး)တာဝန်ခံဝန်ထမ်းများ၊  မင်းဘူးခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီလာမော်၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လယ်လှကုန်း ကျေးရွာရှိ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

 

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ကာလ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲ မဖြစ်စေရေးအတွက် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ် စိုက်ခင်းအား ကျေးရွာအုပ်စု ၂၀၊ ကျေးရွာပေါင်း ၅၄ ရွာ ၊ တောင်သူ ၅၃၉ ဦး၏ စပါးစိုက်လယ်မြေတွင်  စုစုပေါင်း ၁၄၆၂ ဒသမ ၅၀ ဧက စိုက်ပျိုးထာကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံမှ သိရသည်။

 

ရဲဝင်းနိုင်(ပြန်/ဆက် )