ကျိုက်မရော၊ ၇ ဒီဇင်ဘာ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းနှစ်လမ်းနှင့် တံတားသုံးစင်းကို ပြည်ထောင်စုရန်ပုံငွေ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေကျပ်သန်း ၁၄၀ ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုက ပြောပြ၍သိရသည်။
ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်း သက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၇၆ ဒသမ ၅ သန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၆၇ ဒသမ ၁ သန်း စုစုပေါင်း ၁၄၃ ဒသမ ၆ သန်း အသုံးပြုကာ ကြခတ်ကုန်း ကျေးရွာ ကုန်ထုတ်လမ်း အရှည် တစ်မိုင်နှင့် လုံပိကျေးရွာ ကုန်ထုတ်လမ်း အရှည် ၆ ဒသမ ၈၂ ဖာလုံတို့ကို အမြင့် မြေသားတစ်ပေထု ဂဝံမြေနီကိုးလက်မထုခင်းခြင်း၊ ကုန်ထုတ်တံတားအဖြစ် အရှည် ၂၀ ပေ အကျယ် ၁၅ ပေ အမြင့် ၁၂ ပေရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ Box Culvert တစ်စင်းတည်ဆောက်ခြင်းနှင့် ရေပြွန် သုံးစင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဖောက်လုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအပ်နှံ ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက် ရှိကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုကပြောသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၄၃၅ အိမ်၊ လူဦးရေ ၂၇၅၃ ဦးတို့ စိုက်ပျိုးမြေ ဧက ၁၂၅၀ အကျိုးပြုမည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျော်ဦး


