စလင်း၊ ၇ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေး အလွယ်တကူသယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၁၅ ဒသမ ၁၅ သန်း အသုံးပြုကာ ကျေးရွာလေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းနှင့် တံတားတစ်စင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ကုန်ထုတ်လမ်း ဆောင်ရွက်ရာတွင် မကျီးစင်ကျေးရွာ၌ အရှည်ပေ ၄၆၂၀၊ အကျယ် ၁၀ ပေ၊ ထု တစ်ပေ ကိုးလက်မရှိ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ အုတ်ဖိုကန်ကျေးရွာ၌ အရှည်ပေ ၆၆၀ဝ၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်း၊ ဆင်ကျုံးကျေးရွာ၌ အရှည်ပေ ၄၆၂၀၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်း၊ ကုန်းသောင်ကျေးရွာ၌ အရှည်ပေ ၁၂၀၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၀ ပေရှိ ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းတို့ကို နိုဝင်ဘာလ စတုတ္ထပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်၏ ပြောပြချက်အရ သိရသည်။
``၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်သည့် ကုန်ထုတ်လမ်းတံတားလုပ်ငန်းများအား မြို့နယ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများက ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများပြီးစီးပါက ကျေးရွာ လေးရွာနှင့် အနီးဝန်းကျင်မှ လယ်ယာစိုက်ပျိုးဧက ၂၈၈၈ ကို အကျိုးပြုသွားမှာ ဖြစ်ပါတယ်´´ဟု ၄င်းက ပြောပြသည်။
သူရိန်(မင်းဘူး)


