မကွေး၊ ၇ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ မြောက်ဘက်ပေါက် (ဧည့်သည် နှင့် ဝန်ထမ်းများ ဝင်ထွက်ပေါက်) တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့် ရဲဝန်ထမ်းတစ်ဦး အနံ့ပျောက်လက္ခဏာ ခံစားရသဖြင့် စစ်ဆေးရာ ကိုဗစ်ပိုး တွေ့ရှိခဲ့ရကြောင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးထံက သိရသည်။
"အစောင့်တစ်ယောက်က အနံ့မရတဲ့အတွက် RDT နဲ့ စစ်တာ သူ့မှာ positive တွေ့တာ။ တွေ့တော့ကျတော့ သူနဲ့ထိစပ်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၆ ဦးကို Quarantine ထားပြီး စစ်ဆေးရာမှာတော့ ပိုးမတွေ့ဘူး" ဟု လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက ပြောသည်။
ပိုးတွေ့သူမှာ လွန်ခဲ့သည့် ၂ ရက်ခန့်က ဆိုင်ကယ်ဆိုင်များသို့ သွားခဲ့ပြီး ဆိုင်ကယ်ဆိုင် (သို့) ဂိတ်ပေါက်က ဝင်သည့် ဧည့်သည် မည့်သူ့ထံက ကူးသည်ကို မသိရသေးကြောင်း သိရသည်။
"ဝန်ကြီးတွေကတော့ အရှေ့ဘက်အပေါက်က ကားနဲ့ဝင်တာဆိုတော့ သူနဲ့ထိစပ်မှု မရှိဘူး။ သူတာဝန်ထမ်းဆောင်တာက မြောက်ဘက်အပေါက်၊ ဧည့်သည်တွေဝင်တဲ့အပေါက်။ သူနဲ့နီးစပ်တဲ့ ကား ဒရိုင်ဘာတွေကတော့ သူနဲ့ထိုင်တာပြုတာတွေ ရှိခဲ့တယ်။ ရုံးထဲက ရဲဝန်ထမ်းတွေလည်း ရှိခဲ့တယ်" ဟု ဝန်ကြီး ဒေါက်တာခင်မောင်အေးက ရှင်းပြသည်။
ပိုးတွေ့လူနာအား မကွေးတိုင်းဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသမှုခံယူစေပြီး လူနာနှင့် ထိစပ်နိုင်ဖွယ်ရှိသူ ဝန်ထမ်းများကို ရုံးတက်ခြင်းအား ခေတ္တနားခိုင်းထားပြီး ဝန်ထမ်းအရေအတွက် မည်မျှ နားခိုင်းထားသည်ကို မသိသေးကြောင်း အစိုးရအဖွဲ့က သိရသည်။
ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းထိ မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်ပိုးတွေ့ လူနစုစုပေါင်း(၁၅၅၈)ဦးရှိပြီး ယင်းတို့ထဲမှ သေဆုံးသူ(၄)ဦးရှိနေပြီဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန က သိရသည်။
ဇေယျတု(မကွေး)


