ချင်းရွှေဟော်၊ ၇ ဒီဇင်ဘာ
တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာ ၆ ရက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နေရပ်ပြန်ပြည်သူ ၄၄ ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၄၄ ဉီးမှာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၉ ဉီးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်မှ တစ်ဦး၊ ရမည်းသင်းမြို့နယ်မှ တစ်ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်မှ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ နှစ်ဦး၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှ တစ်ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှ နှစ်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်မှ ငါးဦး၊ နောင်ချိုမြို့နယ်မှ သုံးဦးနှင့် ကွမ်းလုံမြို့နယ်မှ ၂၈ ဦးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၄၄ ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူ ၂၈ ဦးအား ကွမ်းလုံမြို့နယ်မှ တာဝန်ရှိသူများနှင့်ချိတ်ဆက်ပြီး အထကကျောင်းရှိ Quarantine Center သို့ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ ၁၆ ဦးအား ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် အသွားအလာကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာ Swab များ ရယူပြီးစစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးသွားမည် ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


