မုံးကိုး၊ ၇ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် နှာခေါင်းစည်းဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။

 

“ယနေ့၊ ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် နှာခေါင်းစည်း မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူတွေကို ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဟောပြောပြီး နှာခေါင်းစည်းတွေ ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်၊ ဒါ့အပြင် ဌာနဝန်ထမ်းတွေကိုလည်း နှစ်ပတ်လည်အထိမ်းအမှတ် အနေနဲ့ အနွေးထည်တွေနှင့် GAD နှာခေါင်းစည်းတွေကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်” လို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က ပြောပြသည်။

 

မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိပြီး နှာခေါင်းစည်းဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းနှင့် မြို့အဝင်/အထွက်တို့၌ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဌာနဆိုင်ရာများနှင့် မြို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

သန်းဇော်ဦး(ပြန်/ဆက်)