ရွှေဘို ၊ ၇  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ယင်းမာကျေးရွာတွင် မိုးစပါးရိတ်သိမ်းချိန်အမီ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အထောက်အပံ့ဖြင့် စိုက်ဧက ၃၅၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီးမှုကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးထုတ်လုပ်မှုစီးပွားရေး ကွင်းဆက်ဆိုင်ရာစီမံကိန်းမှ ယင်းမာကျေးရွာကုန်ထုတ်လမ်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အထောက်အပံ့ ငွေကျပ် ၃၀၄ သိန်းကျော်ဖြင့် တင်ဒါအောင်မြင်သော ရဲမာန်ကုမ္ပဏီက ကုန်ထုတ်လမ်း (အရှည် ၄၆၀ဝ ပေ၊ အကျယ် ၁၅ ပေ) ကျောက်ရောမြေ တင်ခြင်းနှင့် ၎င်းအပေါ် အရှည် ပေ ၄၆၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ကိုးလက်မ ဂျင်းလမ်းခင်းခြင်းတို့ကို ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သည်။ ထိုကုန်ထုတ်လမ်းပြီးစီးမှုကို ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများက လမ်းအရည်အသွေးပြည့်မီခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ၎င်းကျေးရွာရှိ လမ်းကော်မတီများနှင့်တွေ့ဆုံ၍ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးကို အထောက် အကူဖြစ်စေမည့် ကုန်ထုတ်လမ်းအား ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

 

အဆိုပါကုန်ထုတ်လမ်းသည် ယခင်က မြေစေးမြေသားလမ်းဖြစ်ပြီး မိုးရာသီ၌ နွားလှည်းများပင် သွားလာဖို့ အလွန်ခက်ခဲကြောင်းနှင့် ယခုအခါ မိုးစပါးရိတ်သိမ်းချိန်အမီ ကုန်ထုတ်လမ်း ပြီးစီးပြီ ဖြစ်သောကြောင့် စိုက်ဧက ၃၅၀ ကျော်အတွက် အချိန်မရွေး လယ်ယာသုံးစက်ကြီးများ ဝင်ထွက်နိုင်ပြီး ထုတ်ကုန်များ လည်း အချိန်မီပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ခမ်းအိအိဖြူထံမှ သိရသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)