ထီးချိုင့်၊ ၇  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်စန်းနှင့် ဝန်ထမ်းများသည် ညောင်ပင်သာနည်းပညာပြန့်ပွားရေး စင်တာအတွင်းရှိ မရသိမ်အုပ်စု၊ ဝါးပိုချောင်းကျေးရွာ တောင်သူ ဦးဇော်နိုင်မြင့် ကွင်းအမှတ်(၈၇၆)၊ ဦးပိုင်အမှတ်(၄၇) နွေစပါး ဆင်းသုခ (R-S) ၃ ဧကအား ပျိုးသက်နုကောက်ကွက်ကြဲ စိုက်ပျိုးနည်းစနစ်(SRI)ဖြင့် စိုက်ပျိုးခြင်းကို ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီက အကျိုးဆောင်တောင်သူများနှင့် ကောက်စိုက် သမများအား ပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးသည်။

 

ထီးချိုင့်မြို့နယ်တွင် ပုံမှန်မိုးရွာသွန်းခြင်းမရှိဘဲ မိုးရေမလိုအပ်သည့်အချိန်များတွင် ရွာသွန်းခြင်း၊ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့်ရာသီဥတုပြောင်းလဲမှုကိုအခြေခံ၍  တောင်သူများမှာလည်း စိုက်နည်းစနစ်၊  ဒေသနှင့်ကိုက်ညီမည့်  မျိုးကောင်းမျိုးသန့်များကို ပြောင်းလဲသုံးစွဲပြီး  ဂေဟစနစ်ကို ထိခိုက်မှုနည်းသည့်  သဘာဝမြေဩဇာနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းလမ်းတွေကို တွဲဖက်ကျင့်သုံးပြီး စိုက်ပျိုးဖို့လိုအပ်ကြောင်း၊ နှစ်စဉ်ကြုံတွေ့နေရသည့် နွေစပါးစိုက်ခင်းများတွင် အပင်ဖြစ်ရေနှင့် အောင်ရေတို့ကို တစ်ဖက်ပိတ်ဆည်များ၊ အင်းများမှ လုံလောက်စွာ မရရှိသည့် အတွက် တောင်သူအချင်းချင်း ရေလုရာမှ အခြားမလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေအသုံးပြုမှုနည်းပါးသည့် စပါးအစွမ်းဖွင့်စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရခြင်း ဖြစ်ကြောင်း၊ ကွင်းသရုပ်ပြပွဲမှတစ်ဆင့် တောင်သူအချင်းချင်း နည်းပညာပြန့်ပွားပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လာစေခြင်း၊ ကောက်စိုက်သမများ စနစ်တကျလေ့ကျင့်ပညာပေးခြင်းဖြင့် အခြားသော တောင်သူစိုက်ကွက်များတွင်လည်း စနစ်တကျဆောင်ရွက်လာနိုင်ခြင်း၊ တစ်ဧက မျိုးအသုံးပြုမှု လျှော့ချလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်စန်းက ရှင်းလင်းပြောကြားသည်။

 

ရဲလင်းထွန်း(ထီးချိုင့်)