ရန်ကုန် ၇ ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၁ ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းက ရောက်ရှိရာ လှိုင် ခုတင်(၅၀၀)ဆံ့၊ ကိုဗစ်-၁၉ ကုသရေးစင်တာ တာဝန်ခံ ဒေါက်တာမိုးမိုးအေး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်၊ အသင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကား‌ပြောကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်း‌ပေးကြသည်။

ကျောက်မဲမြို့နယ် ကြက်‌ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော် ဦးဆောင်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူ၊ နမ့်ဆန်၊ လားရှိုး၊ သီပေါ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကျောက်မဲ၊ တန့်ယန်းမြို့နယ်များမှ ကြက်ခြေနီစေတနာ လုပ်အားရှင် ၃၁ ဦးတို့သည် အဆိုပါကုသရေးစင်တာတွင် ဒီဇင်ဘာ ၇ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်အထိ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ လူမှုကရုဏာလုပ်ငန်းများကို ကူညီဆောင်ရွက်သွားကြမည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်း အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် စက်တင်ဘာမှ စတင်ကာ အားဖြည့်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းအောင်(MRCS)