နေပြည်တော် ဒီဇင်ဘာ

 

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၃၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တင်ပြလာသည့် လုပ်ငန်းစာတွဲများကို ဝိုင်းဝန်းစိစစ် အတည်ပြုခြင်း၊ သက်ဆိုင်ရာကော်မတီသို့ ပြန်လည်ပေးပို့ခြင်းများကို အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက် အမျိုးမျိုးကြောင့် နှောင့်နှေးမှုအချို့ရှိခဲ့ကြောင်း၊ မိမိတို့ဘက်က အကြောင်းမဲ့ကြန့်ကြာမှု မရှိစေဘဲ ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေး ကိစ္စရပ်များအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း။

အဆိုပါကိစ္စအတွက်ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်၊ ရက်စွဲဖြင့် နိုင်ငံတော်၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးကိစ္စရပ်များအတွက် ကြန့်ကြာမှုမရှိစေဘဲ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်ချက်များ ပြည့်စုံစွာ တင်ပြနိုင်ရေးလုပ်ငန်းစဉ်ကို ပြည်ထောင်စုဝန်ကြီးဌာန အားလုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အားလုံးသို့ ညွှန်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်အပေါ် နားလည်သဘောပေါက်ပြီး လိုက်နာဆောင်ရွက် တင်ပြလာပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ လိုလားချက်အတိုင်း လုပ်ငန်းများကို ယခုထက် ပိုမို၍ မှန်ကန်မြန်ဆန်စွာဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။

 

သီးနှံစိုက်ပျိုးမှု ပြောင်းလဲစိုက်ပျိုးခွင့်နှင့် ပတ်သက်၍ ယခု ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးနှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းနိုင်မှုကို ဦးစားပေးဆန်းစစ် ဆောင်ရွက်‌ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်မှု၏ အကျိုးကျေးဇူးကို ခံစားရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ရှေးယခင်ကာလများက သိမ်းယူခဲ့သော လယ်ယာမြေများ၏ မြေလျော်ကြေး တွက်ချက်ရာတွင်လည်း သိမ်းဆည်းစဉ်ကာလက ဖြစ်ပေါ်ခဲ့သော စျေးနှုန်းကို စတင်အခြေခံစဉ်းစားကြရန် လိုအပ်ကြောင်း၊ ယခုအခါ ဒေသဖွံ့ဖြိုးလာမှုကြောင့် ဖြစ်ပေါ်လာသော စျေးကွက်တစ်ခုတည်းကို အခြေခံစဉ်းစား၍ မသင့်ပါကြောင်း၊ တွက်ချက်မှု မှားယွင်းခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးကို အထူးဂရုပြု စိစစ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် လုပ်ငန်းကိစ္စရပ်များ၊ ဌာနဆိုင်ရာကိစ္စများ၊ သာသနာ‌ရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသတွင်း ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များအတွက် လယ်ယာမြေအခြားနည်းသုံးစွဲခွင့် တောင်းခံလာမှုအပေါ် ဆွေးနွေးဆုံး ဖြတ်ရမည့် အကြောင်းအရာများအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ကြသည်။           

 

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု ဆောင်ရွက်ခြင်းကြောင့် နယ်မြေဒေသအတွင်း ဖွံ့ဖြိုးမှုများ တိုးတက်ဖွံ့ဖြိုးလာမှု၊ စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်မှုကြောင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာမှုများ ရှိလာသော်လည်း လယ်ယာမြေများ လျော့ပါးသွားနိုင်မှုကြောင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှု မထိခိုက်စေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးအတွက် မဖြစ်မနေ ခွင့်ပြုရမည့် ကိစ္စရပ်များအပေါ် အနည်းဆုံး လိုအပ်ချက်ကိုသာ စိစစ်ပြီး ခွင့်ပြုပေးလျက်ရှိကြောင်း၊ အခြားတစ်ဖက်၌ လျော့နည်းဆုံးရှုံးသွားသော လယ်ယာမြေများအတွက် လယ်ယာမြေများကို အစားထိုး ဖော်ထုတ်နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများမှ စိုက်ပျိုးမှုတည်ငြိမ်မှုရှိလာသော မြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲခြင်း နည်းလမ်းအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်