ဒါကာ ၇ ဒီဇင်ဘာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၉၈ ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ ရောဂါ ကူးစက်ခံရသူပေါင်း ၄၇၉၇၄၃ ဦး ရှိလာကြောင်း၊ ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၃၆ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၆၈၇၄ ဦး ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန် ရောဂါ စမ်းသပ်စစ်ဆေးမှုကို ဦးစားပေးလုပ်ဆောင်လာခြင်းနှင့်အတူ လွန်ခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်းလုံး၌ လူဦးရေ ၁၄၃၆၉ ဦး တို့၏ နမူနာကို ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင်ခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

 

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောလူနာ ၂၆၆၃ ဦးတို့သည် တစ်ရက်အတွင်း ရောဂါကင်းစင်ပြီး ဆေးရုံများမှ ထပ်မံပြန်ဆင်းခဲ့ကြရာ  ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၃၉၈၆၂၃ ဦး ရှိလာခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လက်ရှိသေဆုံးမှုနှုန်းမှာ ရောဂါကူးစက်ခံရသူ အားလုံး၏ ၁ ဒသမ ၄၃ ရာခိုင်နှုန်းခန့်ရှိပြီး ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာမှုနှုန်းမှာ ရောဂါကူးစက်ခံရသူ အားလုံး ၏ ၈၃ ဒသမ ၀၉ ရာခိုင်နှုန်းခန့်ရှိသည်။

 

ဇူလိုင် ၂ ရက်က ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၁၉ ဦး တွေ့ရှိခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်တွေ့ရှိခဲ့ပြီးနောက် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုနှုန်း အမြင့်မား ဆုံးဖြစ်လာခဲ့သည်။ ထို့အပြင် ဇွန် ၃၀ ရက်က ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူနာ ၆၄ ဦး သေဆုံး ခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှ စ၍ ယနေ့အထိ သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ