မင်းဘူး ၇ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ မြို့တော်ခန်းမအဆောက်အဦ ဆောက်လုပ်နေမှုနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေသုံးစွဲနိုင်ရေး ကျောက်တန်းရေစက်ရုံမှ ရေဖြန့်ဝေပေးမှု အခြေအနေအား ယနေ့နံနက် ၁၁ နာရီက မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင် (ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင် (ညွှန်ကြားရေးမှူး)နှင့် အဖွဲ့က အလျား ၁၄၁ ပေ၊ အနံ ၆၈ ပေရှိ Steel Sructure အမျိုးအစား မြို့တော်ခန်းမ အဆောက်အဦဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်က မြို့တော်ခန်းမအဆောက်အဦအား လုပ်ငန်းအရည်အသွေးပြည့်မီရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

 

အဆိုပါ မြို့တော်ခန်းမအဆောက်အဦအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ စုစုပေါင်းငွေကျပ် ၂၆၅၀ သိန်းဖြင့် ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် မင်းဘူးမြို့၊ ကျောက်တန်းရေစက်ရုံသို့ သွားရောက်ပြီး မင်းဘူးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး အတွက် သောက်သုံးရေဖြန့်ဝေပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သောက်သုံးရေဖြန့်ဝေပေးရာတွင် လေလွင့်ဆုံးရှုံးမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ရေစက်ရုံအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး စနစ်တကျ လုပ်ကိုင်ကြရန်နှင့် ရေစက်ရုံရှိစက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းသွားကြရန် ရေစက်ရုံရှိ ဝန်ထမ်းများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)