ရေး ၇ ဒီဇင်ဘာ
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးမြို့၏ကျက်သရေဆောင် ရှေးဟောင်းကျုံးတော်ကြီးရှိ အောက်ကျုံးကို ငွေကျပ် ၂၇၈ ဒသမ ၅၄၅ သန်း အကုန်ကျခံကာ ပြန်လည်တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောနှစ်ပေါင်း (၁၂၀၀)ကျော်က ရှေးမွန်ဘုရင်အဆက်ဆက်တို့က ခံတပ်မြို့အသွင်ဖြင့် အသုံးပြုခဲ့ပြီး သမိုင်းအမွေအနှစ်အဖြစ် ကျုံးတော်ကိုတူးဖော်ခဲ့သည်ဟု ရေးမြို့သမိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ရှေးဟောင်း ကျုံးတော်ကြီးကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က အပေါ်ကျုံးကို ငွေကျပ်သန်းပေါင်း (၁၂၁)သန်း အကုန်ကျခံကာ ပြန်လည် တူးဖော်ပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အောက်ကျုံးကို ငွေကျပ်သန်းပေါင်း ၂၇၈ ဒသမ ၅၄၅ သန်း ကုန်ကျခံကာ ပြန်လည်တူးဖော်မည်ဖြစ်သည်။
ရေးမြို့နယ်၏ ရှေးဟောင်းသမိုင်းဝင် ကျုံးတော်ကြီးသည် နွေရာသီတွင် ရေခန်းခြောက်ခြင်းများ ဖြစ်ပေါ်ခြင်းကြောင့် ရေသိုလှောင်နိုင်ရန် ရေအရင်းအမြစ်နေရာတစ်ခုဖြစ်ခြင်း၊ သာယာလှပသော စိတ်အပန်းဖြေနေရာတစ်ခုအပြင် မီးဘေးအန္တရာယ်အတွက် အထောက်အကူပြု၊ အကျိုးပြုပေးနိုင်မည့် ကျုံးကြီးဖြစ်သည့်အတွက် ပြန်လည်တူးဖော်ရခြင်း ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြို့နယ် (ပြန်/ဆက်)


