ဆင်ပေါင်ဝဲ ၇ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၅ ဒသမ ၂ သန်း အသုံးပြုကာ ကျေးရွာ ၁၁ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ ၁၁ ရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၈၁ ဒသမ ၂ သန်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၄ သန်း စုစုပေါင်း ငွေကျပ် ၁၉၅ ဒသမ ၂ သန်းဖြင့် စက်ရေတွင်းခုနစ်တွင်း တူးဖော်ခြင်း၊ မြေသားရေကန် နှစ်ကန် တိုးချဲ့တူးဖော်ခြင်း၊ ဂါလန် (၂၄၀၀)ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း ကိုးခုနှင့် အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံကိုးခု တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်မီမီအောင်ထံမှ သိရသည်။
လက်ရှိအချိန်မှာတော့ အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်၊ ကျေးရွာအဆင့် ချပြရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာ ဒုတိယအပတ်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ရွှေပန်းတော၊ ဒေါင်းလှ၊ သားပိုး၊ ကန်ပေါက်၊ ချီစွတ် စသည့် ကျေးရွာငါးရွာ၌ စက်ရေတွင်း လေးတွင်းတူးဖော်ခြင်း၊ မြေသားရေကန်တစ်ကန် တူးဖော်ခြင်း၊ ဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်လေးကန် တည်ဆောက်ခြင်းနှင့် အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံလေးခု တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၃၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သန်းလွင်(မကွေး)


