ပင်လည်ဘူး၊ ၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကဒူးဒေသ မြောက်မော်ကျေးရွာရှိ သမိုင်းဝင် မော်တိတ်တံခွန်တိုင် ပြုပြင်မွမ်းမံခြင်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ရန်ပုံငွေများ ပေးအပ်ခြင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ Less Walk Organization မှ စက်ဘီးများ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်လှက အမှာစကားပြောကြားပြီး ကဒူးဒေသ မြောက်မော်ကျေးရွာရှိ သမိုင်းဝင် မော်တိတ်တံခွန်တိုင် ပြုပြင်မွမ်းမံခြင်းအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ၃၃၁၃၈၃၃ ကျပ်အား တိုင်းဒေသကြီး ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ် ဦးစိုးလွင်တို့က မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်နှင့် မြောက်မော်ကျေးရွာ ကဒူးတိုင်းရင်သားများထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ၊ စာရင်းစစ်ချုပ် ဦးစိုးလွင်၊ ပင်လည်ဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စက်ဘီးအလှူရှင် ဦးသန်းဌေး၊ ဒေါ်ကလျာစိုးတို့က ပင်လည်ဘူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း၊ မြေလင်းကျေးရွာ၊ ကင်းပန်းကျေးရွာ၊ မံစီလေးကျေးရွာ၊ မိချောင်းအင်းကျေးရွာ၊ ခေါက်စင်းကျေးရွာ၊ တောင်တောကျေးရွာ၊ နန်းတပ်ကျေးရွာများရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ပင်းကြိုင်းကျေးရွာနှင့် နောင်မူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ စုစုပေါင်း ကျောင်း ၁၀ ကျောင်းအတွက် စာသင်ကျောင်း တစ်ကျောင်းလျှင် စက်ဘီး ငါးစီး စုစုပေါင်း စက်ဘီး အစီး ၅၀ အား သက်ဆိုင်ရာစာသင်ကျောင်းများသို့ လှူဒါန်း ပေးအပ်ခဲ့သည်။
မျိုးလွင်(ပင်လည်ဘူး)


