ကလိန်အောင်၊ ၈  ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ကွမ်းသီး အထွက်နှုန်း နည်းသော်လည်း ဈေးကောင်းပြန်လည်ရရှိနေကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူထံမှ သိရသည်။

" မနှစ်က နေအပူရှိန် တအားပြင်းပြီး မိုးက မရွာတော့ သီးအကင်းနဲ့ အပွင့်ခိုင်တွေက ခြောက်ပြီး ကြွေကျကုန်တော့ မနှစ်ကထက် တစ်ဝက်ကျော်လောက်အထိ အထွက်နှုန်းလျော့နည်းသွားပါတယ်" "မနှစ်က ကွမ်းသီးပင်တစ်ပင်ကို အနည်းဆုံး နှစ်ခိုင် သုံးခိုင်‌လောက် ခူးဆွတ်ရပြီး ပိဿာချိန် တစ်သောင်း နီးပါး‌ရောင်းချရတယ် "ဟု ကွမ်းသီးခြံပိုင်ရှင် တစ်ဦးက ပြောသည်။

လက်ရှိ ကွမ်းသီး‌‌ပေါ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာလကြောင့် ဈေးကောင်းမရရှိသော်လည်း ယခုအချိန် တွင် ကုန်ကားများ  ပြန်လည်ပြေးဆွဲနေပြီဖြစ်သဖြင့် ဈေးပြန်တက်လာပြီး ပေါက်ဈေးမှာ အ‌‌ခြောက် ပါကင်တစ်ပိဿာကို ငွေကျပ် ၄၀၀၀၊ အစိုတစ်လုံးကို ငွေကျပ် ၂၀ ရရှိနေပြီဖြစ်ကြောင်း ကလိန်အောင်မြို့ ကွမ်းသီးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရသည်။

"တင်ပို့တာကတော့ အဓိကတာ့ ရန်ကုန်မြို့က အဝယ်ဒိုင်ကြီးကိုပါ၊   ဒီနှစ်က ကွမ်းသီး အထွက်ကနည်းတော့ မနည်းကို လိုက်ပြီး ရှာဝယ်နေရတယ်၊ တင်ပို့မှုကလည်း မနှစ်ကထက်ကို အခေါက်ရေ လျော့ကျသွားတယ်" ဟု ၎င်းက ပြောသည်။

ကလိန်အောင်မြို့သည်  စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးအဖြစ် အဓိက လုပ်ကိုင်လျက်ရှိပြီး ကွမ်းသီးခြံများကို မြို့အတွင်းရှိ ကျေးရွာများဖြစ်သော ကျောက်ရှပ်ကျေးရွာ၊ ရေပုံး‌ကျေးရွာ၊ နှမ်းကျဲကျေးရွာ၊ မိကျောင်းလှောင်း၊ ရာဖူး စသည့်ကျေးရွာများတို့က စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်