ရန်ကုန်၊ ၈ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရထားစီးခရီးသည်များအားလုံး ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရေး လူထုလုပ်ရှားမှုကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုလုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာ့မီရထားမှ တာဝန်ရှိသူများက ရထားစီးခရီးသည်များအား ပါးစပ်၊ နှာခေါင်းစည်းများ ဝေငှခြင်း၊ ကျန်းမာရေး ဆိုင်ရာ အချက်အလက်များ ပါဝင်သော လက်ကမ်း ကြော်ငြာများ ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာ ရေးစည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ရန်ကုန်မြို့ပတ်ရထားများ ပြေးဆွဲမှုကို ပြန်လည်စီစဉ်ခဲ့ကြောင်း သိရ သည်။ ရန်ကုန်မြို့၌ နေအိမ်တွင်နေထိုင်ခြင်းအစီအစဉ်များ စတင်ခဲ့ပြီး ခရီးသွားဦးရေ လျော့နည်းလာသည့်အတွက် မြို့ပတ်ရထားများကိုလည်း အစီးရေ လျှော့ချ ပြေးဆွဲခဲ့ရသည်။
လက်ရှိအချိန်တွင် ရထားတွဲဆိုင်း သုံးဆိုင်းဖြင့် အခေါက်ရေ ၁၂ ခေါက်ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်ဉီးရေ ၃၀ဝ၀ ခန့် နေ့စဉ်စီးနင်းလိုက်ပါလျက်ရှိကြောင်း သိရသည်။ ခရီးဝေးရထားများ ပြေးဆွဲမှုကိုမူ ယာယီရပ်နား ထားကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်ကလည်း ခရီးသည်တွေ ရထားစီးမယ်ဆိုရင် Mask တပ်ရမယ်၊ Mask တပ်မှပဲ ရထားစီးခွင့်ပြု မယ်လို့ အစကတည်းက ကြပ်ကြပ်မတ်မတ် လုပ်တာဖြစ်တဲ့အတွက် ခရီးသည် အတော်များများက Mask တပ်ကြတယ်။ တစ်ချို့တစ်လေကျ Mask တော့ပါတယ်၊ မေးစေ့ချိတ် တာလေးတွေ တစ်ဉီးစ နှစ်ဉီးစတော့ တွေ့ရတာပေါ့။ ခရီးသည်အတော်များများကတော့ လိုက်နာကြပါတယ်” ဟု မြန်မာ့မီးရထား တိုင်းအမှတ် ၇၊ လက်ထောက် အထွေထွေ မန်နေဂျာ (သွားလာရေး/တိုင်း) ဉီးဇော်လွင်က ပြောကြားသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုလုပ်ငန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စတင်ဆောင် ရွက်ခဲ့ပြီး စီမံကိန်းမစတင်မီ မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားတွဲဆိုင်း ၂၅ ဆိုင်းဖြင့် အခေါက်ရေ ၂၂၀ ခန့် ပြေးဆွဲပေးခဲ့ကာ ခရီးသည်စီးနင်းမှုအနေဖြင့် တစ်နေ့လျင် ပျမ်းမျှလူဉီးရေ ၉ သောင်းနီးပါး စီးနင်းခဲ့ကြောင်းသိရ သည်။ မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုစီမံကိန်းစတင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလအထိ ရထား တွဲဆိုင်း ၁၈ ဆိုင်းဖြင့် အခေါက်ရေ ၁၆၈ ခေါက် ပြေးဆွဲခဲ့ပြီး ခရီးသည်ဉီးရေမှာ နေ့စဉ်ပျမ်းမျှ ၅ သောင်းကျော်ခန့် စီးနင်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုလုပ်ငန်းကို မူလက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အပြီးသတ်နိုင်ရန် လျာထားဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်း ပြီးစီးမှုမှာ အနည်းငယ်နှောင့် နှေးမှုရှိနိုင်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက် များ ခံယူဆောင်ရွက်လျက်ရှိပြီး ခရီးသွားအခြေအနေပေါ် မူတည်ကာ ရထားအစီးရေ တိုးချဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း လက်ထောက်အထွေထွေမန်နေဂျာ(သွားလာရေး/တိုင်း) ဉီးဇော်လွင်က ဆက်လက်ပြောကြားသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်


