ရန်ကုန်၊ ၈ ဒီဇင်ဘာ
ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှု ၁၀ဝ ရာခိုင်နှုန်းမရသေးမီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး နည်းလမ်းများကို ပိုမိုလိုက်နာရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။
ယနေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် အခြားနှီးနွယ်ဌာနများ ပူးပေါင်းဆောင်ရွက်သည့် မီးရထားဖြင့် ခရီးသွားလာသော ပြည်သူများ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်အသုံးပြုရေး လူထုလှုပ်ရှားမှုတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဒေါက်တာထွန်းမြင့်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၎င်းက “ပြည်သူလူထု ကြားထဲမှာရှိတဲ့ ရောဂါကူးစက်မှုကို မဖြတ်တောက်နိုင်ဘဲနဲ့ ကိုဗစ်-၁၉ ရောဂါ လျော့ကျရေး၊ ပပျောက်ရေးဆိုတာ ဘယ်လိုမှစဉ်းစားလို့ မရပါဘူး။ ကာကွယ်ဆေးဆိုတာကတော့ မျှော်လင့်ချက်ပေါ့။ ကာကွယ်ဆေးရလာရင်လည်း တစ်နိုင်ငံလုံးကို တစ်ချိန်တည်း ထိုးနှံနိုင်မယ့် အခြေအနေမရှိသေးပါဘူး။ ကာကွယ်ဆေးကို တစ်နိုင်ငံလုံး လွှမ်းခြုံမရသေးခင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းတွေကို တောက်လျှောက်လိုက်နာရမှာ ဖြစ်ပါတယ်။ တတ်နိုင်သရွှေ့ အိမ်ထဲမှာနေကြပါ။ တတ်နိုင်ရင် ခရီးမသွားကြပါနဲ့။ မဖြစ်မနေ ခရီးသွားရပြီဆိုရင်လည်း ကျန်းမာတဲ့သူတွေပဲသွားကြပါ။ အပြင်သွားရင်လည်း Mask တပ်သွားကြပါ။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေကြပါ” ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု စီမံချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံးရှိ ဈေးများ၊ ကုန်တိုက်များ၊ အဝေးပြေးကားဝင်းများနှင့် လူစည်ကားရာနေရာများတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
“ရန်ကုန်ရဲ့အခြေအနေက စီပွားရေးအရ ထည့်စဉ်းစားရတယ်။ ဒီမှာရုန်းကန် လှုပ်ရှားနေရတဲ့သူတွေဟာ တစ်နိုင်ငံလုံးကလာပြီး ဆောင်ရွက်နေကြရတာရှိပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကလည်း အရေးကြီးပါတယ်။ သူတို့ရဲ့ကျန်းမာရေးနဲ့ စားဝတ်နေရေး သဟဇာတဖြစ်အောင် ဒါကိုဆောင်ရွက်နေရတာ တော်တော်ကို ခဲယဉ်းပါတယ်။ ရန်ကုန်ဆိုတာ တစ်ခြားမြို့တွေနဲ့မတူပါဘူး။ ရန်ကုန်ဆိုတာ စီးပွားရေးမြို့တော်ကြီးပါ။ ဒါကိုဆောင်ရွက်ရတာ အလွန်ကို အကျပ်အတည်းတွေ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးနဲ့ ဆောင်ရွက်နေရတာပါ။ ဒီလူထုလှုရှားမှုက ပြည်သူလူထု ကြားထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို လျှော့ချတာပါ။ ဒီထက်တစ်ဆင့်မြင့်ရင်တော့ ဖြတ်တောက်ပြစ်ရမယ်။ အဲ့ဒါကြောင့် ပြည်သူလူထုကြားထဲမှာ ဒီလှုပ်ရှားမှုတွေ ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။
ယနေ့ပြုလုပ်သည့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်အသုံးပြုရေး လူထုလှုပ်ရှားမှုတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ကာ မြို့ပတ်ရထားစီးနင်းလာသည့် ခရီးသွားပြည်သူများအား Mask များ၊ Face shield များ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဒီဇင်ဘာ ၇ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ တစ်သိန်းကျော်ရှိပြီး သေဆုံးသူဦးရေ နှစ်ထောင်ကျော်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ခုနစ်သောင်းကျော်ရှိပြီး သေဆုံးသူဦးရေ တစ်ထောင်ကိုးရာကျော်ရှိကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း)


