ဘုတ်ပြင်း၊ ၈ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာရှိ တောစပ်စမ်းချောင်းအနီး၌ တူမီးသေနတ်ဒဏ်ရာဖြင့် အသက်(၃၀)ကျော် အရွယ်ခန့်ရှိပြီး အမြင့်(၈)ပေခန့် တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။
ချောင်းမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဒီဇင်ဘာ ၆ ရက်က သတင်းပေးချက်အရ ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခန့်က ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးတင့် ဦးစီးအဖွဲ့၊ ပြည်ကြီးမဏ္ဍိုင် မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ချောင်းမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဖြင့် တောဆင်ရိုင်းသေဆုံးသည့်နေရာသို့ သွားရောက်ကာ ယာဉ်ယန္တရားအကူအညီဖြင့် တောဆင်ရိုင်းသေအား ညာဘက်သို့လှန်၍ စစ်ဆေးခဲ့ရာ လက်ဝဲ လက်ပြင်အောက်နားတွင် အချင်း(၀ ဒသမ ၅) လက်မ၊ အနက်(၆)လက်မဒဏ်ရာတစ်ခု တွေ့ရှိရသည့်အတွက် တူမီးသေနတ်ဖြင့် ပစ်ခံရသည်ဟု ဘုတ်ပြင်းမြို့နယ် တိ/မွေးကုဆရာဝန်မှ ယူဆသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ဘဲ ဆင်မုဆိုးကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သုံးသပ်ချက်အရ သိရသည်။
အဆိုပါ တောဆင်ရိုင်းတစ်ကောင် သေဆုံးသည့်နေရာတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် တောဆင်ရိုင်းသေဆုံးသည့် နေရာ၌ မီးရှို့မြေမြှုပ်ဖျက်ဆီးခဲ့ကြကြောင်း၊ ယင်းသေဆုံးနေသည့် တောဆင်ရိုင်းမှ လုံးပတ်(၉)လက်မခန့်၊ အလျား(၁၀)လက်မခန့်ရှိ စွယ်တို(၁)ချောင်းနှင့် လုံးပတ်(၉)လက်မ၊ အလျား(၁၈)လက်မရှိ ပဲ့နေသော အစွယ်(၁)ချောင်း၊ အရှည်(၁)ပေ (၄)လက်မရှိ အမြီး(၁)ချောင်းတို့အား ဖြတ်ယူထားသောကြောင့် ပြည်ကြီးမဏ္ဍိုင်မြို့ နယ်မြေရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် ယခုသေဆုံးခဲ့သော တောဆင်ရိုင်းအပါ ၂၀၁၉ မှ ၂၀၂၀ ခုနှစ်အတွင်း တောဆင်ရိုင်းသေဆုံးနှင့် သတ်ဖြတ်ခံရသည့် တောဆင်ရိုင်းလေးကောင် ရှိပြီးဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)