မုံရွာ၊ ၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (JICA ODA Loan) အစီအစဉ်ဖြင့် JICA (Japan International Cooperation Agency) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းအနေဖြင့် ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန်ဘလူခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်များ အတွင်းရှိ သဖန်းဆိပ်ဆည် ရေသောက်ဧရိယာတွင် ဂျပန်နိုင်ငံ (ODA LOAN) ဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်းကို ၂၀၁၈-၂၀၁၉ မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၄)ခုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (JICA ODA Loan) အစီအစဉ်ဖြင့် JICA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာပေး ဆောင်ရွက်ခြင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ စက်မှုလယ်ယာကဏ္ဍ အားဖြည့်ဆောင်ရွက်ခြင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ပူးပေါင်း၍ စနစ်တကျလယ်ယာမြေ ဖော်ဆောင်ခြင်း ဧက(၅၀၀၀)ဖော်ဆောင်ခြင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်ရေသောက်စနစ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍လည်း လမ်းအခြေခံအဆောက်အဦများ တိုးတက်ကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို (တိုင်းဒေသကြီး-ပြန်/ဆက်)


