နေပြည်တော်၊ ၈ ဒီဇင်ဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (အိန္ဒိယ-မြန်မာချစ်ကြည်ရေး) အဖြစ် အိန္ဒိယနိုင်ငံမှ စတုတ္ထအကြိမ် အထောက်အပံ့ ရန်ပုံငွေဖြင့် တည်ဆောက်သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အန်းလန်း - မဏိပူရ် မြစ်ကူးကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါတံတားသည် အရှည်ပေ ၃၃၀၊ အကျယ် ၁၂ ပေ၊ ခံနိုင်ဝန် (၁၃) တန်ရှိပြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၄၂၈ ဒသမ ၁၄၂ သန်းဖြင့် တီပီစီတီ ကုမ္ပဏီက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှစ၍ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း တီးတိန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
အဆိုပါတံတား တည်ဆောက်ပေးခြင်းအားဖြင့် အန်းလန်းကျေးရွာမှ ပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
လျန်ပီး(သတင်းစဉ်)


