နေပြည်တော်၊ ၈ ဒီဇင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် 8th Global Infrastructure Cooperation Conference (GlCC 2020) အခမ်းအနားသို့ နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Online ဖြင့်တက်ရောက်သည်။
အခမ်းအနားတွင် International Contractors Association of Korea မှ ဥက္ကဋ္ဌ Mr. Lee Kun – Ki က အဖွင့်အမှာစကားပြောကြားပြီး ကိုရီးယားသမ္မတနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Ms. Kim Hyun Mee နှင့်အတူ အဆင့်မြင့်အရာရှိများသည် 8th Global Infrastructure Cooperation Conference (GlCC 2020)သို့ ပါဝင်တက်ရောက်ကာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြသည်။
ယင်းနောက် နှစ်နိုင်ငံဝန်ကြီးအဆင့်အပြန်အလှန် ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က COVID–19 pandemic ကာလအတွင်း ကျန်းမာစွာနှင့် လုံခြုံဘေးကင်းစွာ လုပ်ကိုင်နေသည်များကို Online မှတစ်ဆင့်တွေ့ မြင်ခွင့်ရခဲ့ပြီး (GICC 2020) အစည်းအဝေးတွင် ပါဝင်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စဉ်ဆက်မပြတ် အကူအညီပေးမှုများ ရှိခဲ့ပါကြောင်း၊ ကိုရီးယား-မြန်မာ (ဒလ)တံတားစီမံကိန်းနှင့် KMIC စက်မှုဇုန်စီမံကိန်းများသည် ထင်ရှားသော စီမံကိန်းများဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှု အသီးအပွင့်များခံစားရသည်မှာ ကိုရီးယားသမ္မတနိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦနှင့် သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာန၏ အဓိကပူးပေါင်းကူညီ ပံ့ပိုးမှုများကြောင့် ဖြစ်ပါကြောင်း။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားသည် စုစုပေါင်းအရှည် (၁၈၆၈) မီတာရှိပြီး လေးလမ်းသွား Cable – Stayed Bridge အမျိုးအစား ဖြစ်ပါကြောင်း၊ စီမံကိန်းတန်ဖိုးမှာ ကိုရီးယား သမ္မတနိုင်ငံဘက်မှ ချေးငွေအမေရိကန်ဒေါ်လာ (၁၅၇ ဒသမ ၈၃)သန်းနှင့် မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၀ ဒသမ ၃၄)သန်း စုစုပေါင်းစီမံကိန်းတန်းဖိုး အမေရိကန် ဒေါ်လာ(၁၈၈ ဒသမ ၁၇)သန်း ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအား (၂၀၁၉ မေလ ၂၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်တည်ဆောက်သွားရန် မျှော်မှန်းထားပါကြောင်း၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများအားနေ့၊ ညဆောင်ရွက်လျက်ရှိပါကြောင်း၊ စုစုပေါင်း တံတားတစ်စင်းလုံးအနေဖြင့် လုပ်ငန်းအားလုံး၏ ၂၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း။
KMIC စက်မှုဇုန်စီမံကိန်းသည် အချိန်နှင့် တစ်ပြေးညီ တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး EDCF ချေးငွေဖြင့် တည်ဆောက်ရန်ရှိသော အပြင်ဘက် အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ KMIC စက်မှုဇုန်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အကောင်အထည်ဖော်ရန် စတင်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက်တွင် Phase 1 အား စတင်ခြင်း ဆောင်ရွက်မှာဖြစ်ပြီး KMIC စက်မှုဇုန်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အလားအလာကောင်းမည်ဟု ယုံကြည်ပါကြောင်း။
ဒလမြို့သစ်စီမံကိန်း အနေဖြင့် ရန်ကုန်မြို့ CBD ဧရိယာနှင့် နီးကပ်စွာရှိသော ဒလမြို့သည် ဒလတံတားစီမံကိန်းပြီးစီးပါက အလားအလာကောင်းသော မြို့သစ်စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ ဒလတံတားစီမံကိန်း တိုးတက်မှုနှင့်အတူ ဒလမြို့သစ်၏ Spatial Development မှာလည်း စနစ်တကျ စတင်နိုင်မည် ဖြစ်ပါကြောင်း၊ ဒလမြို့သစ်စီမံကိန်းနှင့် K City Program အတွက် နည်းပညာအကူညီနှင့် F.S ဆောင်ရွက်ပေးနေမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။
ကိုရီးယား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖြင့် အနာဂတ်တွင် ဒလမြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်းအား ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ Corona virus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ယခုအချိန်ကာလတွင် လူတိုင်းကိုယ်စီကျန်းမာပြီး ကိုဗစ်-၁၉ ကို အတူတကွ ကျော်ဖြတ်နိုင်ပါစေကြောင်းနှင့် ယခု (GICC 2020) အစည်းအဝေးမှ အောင်မြင်သော ဆွေးနွေးမှုရလဒ်ကောင်းများ ခံစားနိုင်စေရန် ဆန္ဒပြုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယနေ့ကျင်းပသည့် Global Infrastructure Cooperation Conference (GlCC 2020) သည် အခြေခံအဆောက်အအုံကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးမှုကဏ္ဍတို့တွင် ပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး၊ ကိုရီးယား သမ္မတနိုင်ငံ၏အကြီးမားဆုံး အပြည်ပြည်ဆိုင်ရာညီလာခံများအနက် တစ်ခုအပါအဝင်ဖြစ်ကာ ယခုနှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် Online ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


